brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗေဒါပင် ဆေးဖက်ဝင်လား။

ဗေဒါပင် လို့ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုဘဲ အရွက် စိမ်းစိမ်း ထူထူ ရိုးတံ ပွပွလေး၊ ခရမ်းရောင် ဖျော့ဖျော့ကနေ ရင့်ရင့်အထိရှိတဲ့ ပန်းလေးတွေ ပွင့်တတ်တဲ့ ရေမြောင်းတွေ၊ ကန်တွေထဲမှာ ပေါက်ရောက်မျောပါနေတတ်တဲ့ အပင်လေးတွေကို မျက်လုံးထဲ ပြေးမြင်မိမယ် ထင်ပါတယ်။ ဘဲစာအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ ဗေဒါရိုးနဲ့ လူသုံးကုန်ပစ္စည်းတွေ လုပ်လာကြပါတယ်။

ဗေဒါပင် ဆေးဖက်ဝင်လား။

ဒါဆို ဗေဒါက ဘဲစာနဲ့ လူသုံးကုန်တွေ လုပ်ဖို့ သက်သက်ပဲ အသုံးဝင်တာလား။ အခြားရော ဘယ်လို အသုံးဝင်သေးလဲ။ ကျန်းမာရေး အကျိုးကျေးဇူးတွေရော ရှိမလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဗေဒါပင် ဆိုတာ

ဗေဒါပင် ဆိုတာ ရေနေအပင် တစ်မျိုးပါ။ ရေထဲမှာ ပေါက်ရောက်ပြီး ရေကို သန့်စင်ပေးပါတယ်။ ရေပေါ်မှာ ပေါ်နိုင်တဲ့ အရိုးတံနဲ့ အရွက်လေးတွေကို ပိုင်ဆိုင်ထားပါတယ်။ အရိုးတံက လေအိတ်လေးတွေလို ခပ်ပုပုဝိုင်းဝိုင်းလေးတွေလည်း ရှိသလို ရိုးတံ ရှည်ရှည်တွေလည်း ရှိပါတယ်။

အရွက်က အစိမ်းရောင် ထူထူ ဝိုင်းဝိုင်းလေးပါ။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပါတယ်။ အလေ့ကျ ပေါက်ရောက်တဲ့ အပင် တစ်မျိုးပါ။

ဗေဒါပင် ဆေးဖက်ဝင်လား။

ဗေဒါပင် ဆေးဖက်ဝင်လား။

ဗေဒါက ဆေးဖက်ဝင်သလို အပင် နုနုလေးတွေကို စားလို့လည်း ရပါတယ်။ ဗေဒါက ကျန်းမာရေးအတွက် အခုလို ထောက်ကူပေးနိုင်ပါတယ်။

 အရောင်ကျစေနိုင်တယ်။

ဗေဒါပင် သတ္တုရည်ကို သံပုရာရည်နဲ့ ဆတူရောပြီး လိမ်းပေးတာက အရောင်ကျစေနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရေပြား ရောင်ရမ်းတာကို သက်သာစေသလို အဆစ်တွေ ကြွက်သားတွေ ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

ဗေဒါပင်ကို တရုတ်တိုင်းရင်းဆေးတွေမှာ သရက်ရွက် ကျန်းမာစေဖို့ အသုံးပြုကြပါတယ်။ အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အစာကြေစေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ ဗိုက်အောင့်ဗိုက်နာတာ၊ အစာအိမ် နာတာကို သက်သာစေပါတယ်။ သန်ကျစေနိုင်ပြီး အူလမ်းကြောင်းကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်။

ဗေဒါပင်ရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်တစ်ရပ်က သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်တာပါ။ သွေးတွင်းမှာ အဆီများတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး သွေးတွင်းအဆီများတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းကိုက်တာကို သက်သာစေနိုင်တယ်။

ဗေဒါပင် အရိုးကို ဝမ်းကိုက်တာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ မအီမသာ ဖြစ်တာ၊ အော့အန်တာကို သက်သာစေနိုင်သလို ဝမ်းကိုက်နေတာကိုလည်း သက်သာစေနိုင်ပါတယ်။

နှင်းခူ သက်သာစေနိုင်တယ်။

ဗေဒါရွက် သတ္တုရည်ကို ဆန်မှုန့်၊ နနွင်းမှုန့်တို့နဲ့ ရောပြီး အရေပြားမှာ လိမ်းပေးတာက နှင်းခူ သက်သာစေနိုင်ပါတယ်။ အခြားအရေပြားရောဂါတွေ သက်သာစေဖို့အတွက်လည်း ဗေဒါပင်ကို အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်။

အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်း အများစုမှာ ဗေဒါပါပါတယ်။ ဗေဒါက ပိုးသတ်ပေးနိုင်သလို မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်ခြံ အပါအဝင် အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပြီး အရေပြား ကျန်းမာလှပစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

 

ဆံသားတွေ ကျန်းမာစေပြီး ဦးရေပြားကို အာဟာရ ဖြည့်ပေးဖို့ ဗေဒါပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ခေါင်းကို အနံ့အသက် ကင်းစေပြီး ဦးရေပြားမှာ ဖြစ်တဲ့ ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ ဦးရေပြား အဆီမပြန်အောင် ကာကွယ်ပေးပါတယ်။

လည်ချောင်းနာတာကို သက်သာစေနိုင်တယ်။

ဗေဒါပင်ရဲ့ လေအိတ်လေးတွေကို ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ သတ္တုရည်ကို လည်ချောင်းနာတာ သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို နားကိုက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အဆိပ်ရှိတဲ့ ပိုးကောင်တွေ ကိုက်တာကို သက်သာစေဖို့အတွက် ဗေဒါပင် အရွက် သတ္တုရည်ကို လိမ်းပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ပြီး အုံပေးလို့လည်း ရပါတယ်။

နို့ထွက်များစေတယ်။

နို့တိုက်မေမေတွေ နို့ထွက်များစေဖို့အတွက်လည်း ဗေဒါပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ဗေဒါပင် နုနုကို ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

ရာသီသွေး မှန်စေတယ်။

လေဒီလေးတွေ ရာသီထိမ်နေတာကို သက်သာစေဖို့ဆိုရင် ဗေဒါပန်းကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး စားပေးလို့ ရပါတယ်။ ရာသီသွေး မှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ရေထဲမှာ သဘာဝအတိုင်း အလေ့ကျ ပေါက်ရောက်တဲ့ ဗေဒါပင်က အခုလို ဆေးဖက်ဝင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။