brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ တရုတ်စကားပန်း လေးက အရောင်အဆင်းအနံ့နဲ့တင်ပြည့်စုံတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

တရုတ်စကားပင် ဆိုတာ ဘာလဲ………..

တရုတ်စကားပင် က အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့ မျိုးရင်းပင်တွေပါ။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးက

ဆီးချို သက်သာစေတယ်

ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။

ရောင်ရမ်းမှုကို သက်သာစေတယ်

အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံပါ။ 

အနာကို သက်သာစေနိုင်တယ်

ထိခိုက်တာ​ကြောင့် အနာတွေဖြစ်တဲ့အခါ တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပင် အရွက်ကို လက်သည်းလေးနဲ့ဆိတ်လို့ အုန်းဆီလေးလူးလိုက်ပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးရုံပါ။ ပုံမှန်လေး လုပ်ပေးရင် အနာသက်သာမှာပါ။

အစာကြေစေနိုင်တယ်

အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

တရုတ်စကားပန်းမှာ alkaloids၊ tannins၊ flavonoids နဲ့ triterpenoids တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အတိုင်းအချင့်နဲ့ သုံးဖို့တော့ လိုပါမယ်။ 

ကြွက်နို့ သက်သာစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။ 

သွားကိုက်သွားနာ သက်သာစေတယ်

သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ်ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့​နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။

အရေပြားပြဿနာ ကင်းစေတယ်

အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည်တို့နဲ့ ရေချိုးပေးရုံပါ။

ခြေဖနောင့်ကွဲတာကို သက်သာစေတယ်

ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက်ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။

သတိထားရမယ့် အချက်များ

တရုတ်စကားပန်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

တရုတ်စကားပန်းက ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုး မရှိပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။

ဘယ်လို အသုံးပြုရမလဲ

အခြားဆေးဝါးတွေနဲ့ တွဲဖက်သုံးတာ၊ ဆေးတွေနေရာမှာ အစားထိုးပြီး သုံးတာမျိုး မလုပ်သင့်ပါဘူး။

ကဲ ………. တရုတ်စကားပန်းလေးတွေက အဆင်းရော အချင်းပါ ပြည့်စုံ သလို ကျန်းမာရေးကိုလည်း အခုလိုလေးတွေ အထောက်အကူ ပြုပေးနေပါတယ်။ ဒါကြောင့် တရုတ်စကားပန်း လှလှလေးတွေကို ပန်ဆင်ဖို့ထက် အခုလိုပါ အသုံးပြုလို့ ရပါကြောင်း အကြံပြု ပါရစေ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။