ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်တဲ့ ဓါတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်က အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးက ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကွမ်းရွက် ဆိုတာ
ကွမ်းရွက်ဆိုတာက စပ်ရှားရှား အနံ့မွှေးမွှေးလေး ရှိပြီး ထိပ်ပိုင်းချွန်ချွတ်လေးနဲ့ အရွက်ရှည်ဝိုင်းဝိုင်းလေးပါ။ ကွမ်းရွက်ကို ကွမ်းစားဖို့အတွက် အသုံးများကြပါတယ်။ ကွမ်းယာ အနေနဲ့ ကွမ်းရွက်ကို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။
- ဗီတာမင် C၊
- thiamine၊
- niacin၊
- riboflavin ၊
- carotene နဲ့
- ကယ်လ်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကွမ်းရွက်က ခံတွင်းကျန်းမာစေသလို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။
ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့်ဆေးရွက်ကြီးတွေ ကွမ်းသီးတွေဆေးအမျိုးမျိုးနဲ့တွဲစားရင်တော့ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ကွမ်းစားရင်ထည့်စားတတ်တဲ့ ထုံးက ကျန်းမာရေးကို အထောက်အကူမပြုတာတော့ အသေအချာပါပဲ။ ဒါကြောင့် ကွမ်းစားတာကိုတော့ အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေးအတွက်အထောက်အကူပြုတာမို့ စားသုံးပေးလို့ရပါတယ်။ ကွမ်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်က ဘာများဖြစ်မလဲစဉ်းစားနေလား။ မစဉ်းစားနဲ့နော်ပြည့်ပြည့်စုံစုံရေးပေးထားတာမို့ ဆက်ကြည့်လိုက်ပါ ……
ကွမ်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်တွေက
ဆီးချိုအတွက်ကောင်းတယ် – ကွမ်းရွက်မှာ ပါတဲ့ ဒြပ်ပေါင်းတစ်ခုကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ သုံးဆောင်ပေးသင့်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်တယ် – ကွမ်းရွက်မှာ ခန္ဓါကိုယ်ရဲ့ အဆီတွေကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် ကွမ်းရွက်ကသင့်တော်ပါတယ်။
ကင်ဆာကာကွယ်ပေးတယ် -ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။
အနာကျက်စေနိုင်တယ် – အနာပေါ်ကို ကွမ်းရွက် သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။
ခေါင်းကိုက်သက်သာစေနိုင်တယ် -ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကို ခြေပြီးရှုပေးတာ၊ နားထင်မှာကွမ်းရွက်ကပ်ပေးတာမျိုးလုပ်ပေးပါ။ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရော များလာတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော အရမ်းများမလာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွေးတွင်းကိုလက်စထရော ကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။
ခံတွင်းကျန်းမာရေးကိုကောင်းစေတယ် – ကွမ်းရွက် ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီး ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့်သွားနဲ့ခံတွင်းကျန်းမာဖို့ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။
ချောင်းဆိုးသက်သာစေနိုင်တယ် – ကွမ်းရွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်ပုံ တစ်ခုက လူတိုင်းလိုလို သိထားပြီးဖြစ်တဲ့အတိုင်း ချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
ဝက်ခြံသက်သာစေနိုင်တယ် – ဝက်ခြံ နဲ့ အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့ အရေပြား ဓါတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည်နဲ့ နေ့စဉ် မျက်နှာသစ်ပေးပါ။
နားကိုက်တာကို သက်သာစေနိုင်တယ် -နားကိုက်တဲ့အခါ နေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက် အကောင်းဆုံး ဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက် အသုံးပြုပြီး သက်သာအောင် လုပ်လို့ ရပါတယ်။
ဝမ်းမှန်စေနိုင်တယ် – ကွမ်းရွက်က ဓါတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓါတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး PH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်နေတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည် သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။
နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ် – ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။
ကလေးလေးတွေ အပြင်ထွက်ဆော့လို့
အပူလျှပ်တာကြောင့် နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။
နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်လေးကိုအသုံးပြုပြီး သွေးတိတ်အောင်လုပ်ဆောင်ပေးလို့ရပါတယ်။