backup og meta

ရှားစောင်း ကို သုံးသင့်၊ မသုံးသင့်တဲ့ နေရာများ

ရှားစောင်းလက်ပပ်ကို ဆေးဖက်ဝင်တယ်လို့ သိထားကြသလို အလှအပအတွက်၊ ကျန်းမာရေးအတွက် အသုံးချတာကလည်း နည်းကိုစုံလို့။ ဒီတစ်ခါတော့ ရှားစောင်း ကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်လိုတွေ မသုံးသင့်ဘူးလဲ ခွဲခြားပြောပြပေးမှာပါ။ မသုံးသင့်တဲ့နေရာ တလွဲမသုံးမိစေဖို့ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး…

ရှားစောင်း ကို သုံးသင့်၊ မသုံးသင့်တဲ့ နေရာများ

ထိခိုက်ဒဏ်ရာ

ရှားစောင်းလက်ပပ်နဲ့ ဒဏ်ရာကုသနိုင်တယ်လို့ ဆိုကြပေမယ့် လေ့လာမှုတွေအရ တချို့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး တချို့မှာတော့ ပိုတောင်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင်တယ်ဆိုတိုင်း အရမ်းကာရော အနာဆေးထည့်တာ မလုပ်တာကောင်းပါတယ်နော်။

အရေပြားလောင်ခြင်း

ရှားစောင်း အနှစ် သို့မဟုတ် ဂျယ်လ်လိမ်းဆေးတွေက နေလောင်ဒဏ်အပြင် အပူလောင်နာတွေကိုပါ မြန်မြန်ကုသပေးနိုင်တာ အမှန်ပါ။ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အရေပြားကို ကုသမှုမြန်စေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အပူလောင်ဒဏ်ရာ၊ ရေနွေးပူလောင်တာတွေ၊ အနာကျက်ဖို့ကြာနေတဲ့အပူလောင်နာတွေအတွက်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

ပါးစပ်အနာ

ပါးစပ်မှာ ဖြစ်တတ်တဲ့ အနာသေးသေးလေးတွေကို ရှားစောင်းအနှစ် လိမ်းပေးရင် ပိုးသေပြီး အမြန်သက်သာစေနိုင်ပါတယ်။

ဝက်ခြံ

ဒါကတော့ လူတိုင်းသိထားပြီးဖြစ်မှာပါ။ ရှားစောင်းလက်ပပ်က ဝက်ခြံကိုသက်သာစေပြီး အသားအရေချောမွတ်စေနိုင်ပါတယ်။ ဓာတ်မတည့်တဲ့သူတွေကလွဲပြီး ရှားစောင်းအနှစ် သို့မဟုတ် ရှားစောင်းကိုအခြေခံတဲ့ ဂျယ်လ်၊ ခရင်မ် လိမ်းပေးရင် ဝက်ခြံကင်းစေပါလိမ့်မယ်။

ဝမ်းချုပ်ခြင်း

ရှားစောင်းလက်ပပ်ချက်ဆေး ဆိုတာလည်း ကြားဖူးကြမှာပေါ့။ အသားမှာ လိမ်းလို့ရသလို စားမယ်ဆိုလည်း ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို စားရင် ဝမ်းချုပ်သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် သူ့နည်းနဲ့သူရှိကြတာမို့ အိမ်သုံးဆေးနည်းဖြစ်ဖြစ်၊ တိုင်းရင်းဆေးနည်းဖြစ်ဖြစ် နည်းလမ်းမှန်ကို လေ့လာပြီးမှစားသုံးသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အစိမ်းစားမိတာ လွန်ကဲရင် ဗိုက်အောင့်၊ ဝမ်းပျက်တာနဲ့ တခြား ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။

ဆီးချိုသွေးချို

ရှားစောင်းလက်ပပ်က သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့် အင်ဆူလင်ဆေး အပါအဝင် ဆီးချိုအတွက် ဆရာဝန်ညွှန်းထားတဲ့ ဆေးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုတွေရှိနိုင်လို့ သတိထားစေချင်ပါတယ်။

ရှားစောင်းလက်ပပ်အနှစ်၊ ဂျယ်လ်၊ ခရင်မ် အကုန်လုံးက အရေပြားအတွက်ဆို ဘေးမရှိပေမယ့် စားဖို့အတွက်တော့ သတိထားဖို့အရေးကြီးပါတယ်။ သူက ဆီးဆေး၊ နှလုံးရောဂါဆေးတချို့၊ သွေးကျဲဆေး၊ ဆီးချိုဆေး တို့လို ဆေးဝါးတချို့ရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်လို့ ကိုယ့်သဘောနဲ့ကိုယ် ရှားစောင်းကို မစားသင့်ပါဘူး။ ကိုယ့်ကျန်းမာရေးကြောင့် ဆေးဝါးတွေကို ရေရှည်စွဲသောက်နေရတဲ့သူတွေအတွက်တော့ ဒီရှားစောင်းတစ်မျိုးတင်မကဘဲ တခြားဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း သတိနဲ့ သုံးစွဲသင့်ပါတယ်နော်။ ဘယ်ဆေးဖက်ဝင်မဆို “တန်ရင်ဆေး၊ လွန်ရင် ဘေး” ပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/vitamins/ai/ingredientmono-607/aloe

Accessed Jan- 21, 2020.

https://www.healthline.com/health/7-amazing-uses-aloe-vera

Accessed Jan- 21, 2020.

https://www.webmd.com/skin-problems-and-treatments/ss/slideshow-aloe-uses-dangers?ecd=wnl_wmh_090219&ctr=wnl-wmh-090219_nsl-LeadModule_cta&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d

Accessed Jan- 21, 2020.

ယခုပုံစံ

16/02/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး

အရေပြားမှာ အင်ပျဉ်ထ ခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ