တနေကုန်အလုပ်ထဲမှာစိတ်ပန်းလူပန်းနဲ့အလုပ်လုပ်ပြီးလို့အိမ်ပြန်ရောက်တဲ့အခါသဘာဝပစ္စည်းလေးတွေ၊အဆီအနှစ်လေးတွေကိုသုံးပြီးရေနွေးပူပူလေးထဲစိမ်လိုက်ရတဲ့အရသာဟာတကယ်ပဲစိတ်ကျေနပ်စရာကောင်းလှပါတယ်။ အောက်မှာဖော်ပြထားတဲ့ပစ္စည်းလေးရှစ်မျိုးကိုပါသုံးမယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့။
Oatmeal
Oatmeal မှာကျန်းမာရေးအတွက်ကောင်းမွန်အကျိုးရှိတဲ့အဆီဓါတ်တွေပါဝင်တာကြောင့်သင့်အသားအရေကိုအစက်အပြောက်တွေ၊နေလောင်ဒါဏ်တွေ၊ခြောက်သွေ့တာတွေကနေကာကွယ်ပျောက်ကင်းစေပါတယ်။Oatmeal ဟာမွေးညှင်းပေါက်တွေမှာရှိတဲ့အညစ်အကြေးတွေကိုလည်းတိုက်ချွတ်ဖယ်ရှားပေးပါသေးတယ်။Oatmealမှာပရိုတင်းဓါတ်တွေလည်းပါဝင်တာမို့အသားအရေကိုလည်းစိုပြေစေပါသေးတယ်။
ဘယ်လိုသုံးရမလဲ : Oatmeal အစိမ်း၁ခွက်၂ခွက်စာလောက်ကိုပန်းကန်လုံးထဲထည့်ပြီးရေနွေးနဲ့ရောပါ။ ပြီးရင်ပျားရည်နည်းနည်းထပ်ထည့်ပါ။Oatmeal နဲ့ပျားရည်အရောကို၅မိနစ်လောက်ထားပြီးရင်ရေချိုးဇလုံထဲလောင်းထည့်ပါ။
ပျားရည်
ပျားရည်ဟာဒါဏ်ရာတွေကိုသက်သာစေတဲ့အာနိသင်ရှိတယ်လို့နာမည်ကြီးပါတယ်။ ဒါ့အပြင်ပျားရည်မှာပိုးကူးစက်တာတွေကိုကာကွယ်ပေးတဲ့ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေပါဝင်သလိုအရေပြားဒါဏ်ရာအသေးအဖွဲလေးတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်။ ပျားရည်မှာကိုယ်ခံအားကိုကောင်းစေပြီးအိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်တဲ့ antioxidant တွေလည်းပါဝင်ပါသေးတယ်။
ဘယ်လိုသုံးရမလဲ : ပျားရည်နှစ်ဇွန်းလောက်ကိုရေချိုးဇလုံထဲထည့်ပြီး၁၅မိနစ်လောက်စိမ်ပါ။ ပြီးတဲ့အခါရေဇလုံထဲကိုမုန့်ဖုတ်ဆိုဒါထပ်ထည့်ပြီးညင်သာစွာပွတ်တိုက်ဂျီးချွတ်ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်တစုံတရာထိခိုက်နာကျင်မှုမရှိဘဲသင့်ခန္ဓါကိုယ်အရေပြားမှာကပ်ငြိနေတဲ့ဆဲလ်အသေတွေအားလုံးကိုဖယ်ရှားပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။
လာဗန်ဒါ
စိတ်ဖြေလျှော့ပြီးအေးအေးဆေးဆေးရေစိမ်ဖို့အတွက်ဆိုလာဗန်ဒါကိုသုံးပါ။ ဘာလို့လဲဆိုတော့လာဗန်ဒါဟာသင့်စိတ်ကိုတည်ငြိမ်စေပြီးဖိအားတွေကိုလည်းလျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင်သူဟာအသားအရေကိုသန့်စင်စေ၊အဆိပ်အတောက်ကင်းစေတာမို့ဝက်ခြံကုသတာ၊ယားယံတာနဲ့အရေပြားနီရဲရောင်ရမ်းတာတွေအတွက်အကျိုးရှိပါတယ်။ လာဗန်ဒါကိုအဆီအနေနဲ့သုံးနိုင်သလိုအနံ့လေးရှုဖို့အတွက်လည်းသုံးနိုင်ပါတယ်။
ဘယ်လိုသုံးမလဲ : လာဗန်ဒါအဆီခြောက်စက်ကနေရှစ်စက်လောက်ကိုနွားနို့၊ဆားခါး (Epsom salt) တို့နဲ့ရောပြီးသူတို့အားလုံးသေချာစွာပျော်ဝင်ရောနှောသွားတဲ့အခါရေချိုးဇလုံထဲထည့်လို့ရပါပြီ။
Essential oils (ကောင်းကျိုးပေးတဲ့အဆီတွေ)
ပူဒီနာ၊rosemary၊ထင်းရှူးစတဲ့ Essential oils (ကောင်းကျိုးပေးတဲ့အဆီတွေ)တွေကိုရေချိုးတဲ့အခါအသုံးပြုနိုင်ပါတယ်။ သူတို့ဟာစိတ်ဖိစီးမှုကိုလျော့ကျစေပြီးလန်းဆန်းတက်ကြွစေပါတယ်။Essential oils တခုချင်းဆီမှာဆိုင်ရာဂုဏ်သတ္တိတွေရှိပါတယ်။ ပူဒီနာကရောင်ရမ်းတာတွေကိုသက်သာစေနိုင်သလိုထင်းရှူးဆီကအဆစ်အမြစ်နာတာတွေနဲ့ချမ်းအေးတဲ့ရာသီဥတုဒါဏ်ကိုခံနိုင်ဖို့အသုံးဝင်ပါတယ်။
ဘယ်လိုသုံးမလဲ : လာဗန်ဒါဆီကိုသုံးတဲ့နည်းအတိုင်းပဲသုံးပါ။ တခုပဲရှိတာကကိုယ်နဲ့ဓါတ်မတည့်တဲ့အဆီကိုမရွေးမိဖို့ပါပဲ။
အုန်းဆီ
အုန်းဆီမှာအသားအရေကိုချောမွေ့နူးညံ့တင်းရင်းစိုပြေကျန်းမာစေတဲ့ပရိုတင်းဓါတ်တွေပါဝင်သလိုအိုမင်းရင့်ရော်မှုကိုကာကွယ်ပေးတဲ့ဗီတာမင်စီလည်းပါဝင်ပါသေးတယ်။
ဘယ်လိုသုံးမလဲ : အုန်းဆီပါဝင်တဲ့ body wash ရေချိုးဆီကိုရှာဝယ်ပါ။ ဒါမှမဟုတ်အုန်းဆီနဲ့သကြားကိုဆတူရောပြီးရေချိုးဆီအဖြစ်သင်ကိုယ်တိုင်ဖန်တီးလို့ရပါသေးတယ်။
ဆားခါး (Espom salt)
ဒီဆားမှာအသားအရေကိုနူးညံ့ပျော့ပျောင်းစေတဲ့မဂ္ဂနီဆီယမ်နဲ့ဆာလဖိတ်ဓါတ်တို့ပါဝင်ပါတယ်။ ဒါ့အပြင်ဆားခါးဟာကြွက်သားနာတာကိုသက်သာစေသလိုအကြောတွေကိုပြေလျော့စေပါသေးတယ်။
ဘယ်လိုသုံးမလဲ : ဆားခါးတခွက်နှစ်ခွက်လောက်ကိုရေနွေးထဲထည့်ပြီးလုံးဝပျော်သွားတဲ့ထိသေချာမွှေပါ။ ပြီးရင်ရေချိုးဇလုံထဲထည့်ပြီး၁၂မိနစ်လောက်စိမ်ပါ။ ဒါမျိုးကိုတပတ်သုံးခါလောက်လုပ်ပါ။ အကယ်၍သင့်အနေနဲ့အစိုဓါတ်ကိုထပ်ပြီးအားဖြည့်ပေးချင်တယ်ဆိုရင်အုန်းဆီဒါမှမဟုတ်သံလွင်ဆီအနည်းငယ်ကိုထပ်ထည့်နိုင်ပါသေးတယ်။
နှင်းဆီ
နှင်းဆီမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဂုဏ်သတ္တိနဲ့ဘက်တီးရီးယားတွေကိုဆန့်ကျင်ပေးတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ နှင်းဆီဟာအသားအရေကိုစိုပြည်လန်းဆန်းစေပြီးနီရဲတာတွေနဲ့ဝက်ခြံတွေကိုလည်းပျောက်ကင်းသက်သာစေပါတယ်။
ဘယ်လိုသုံးမလဲ : နှင်းဆီပန်းအဖတ်ခြောက်လေးတွေ၊နှင်းဆီကနေထုတ်ယူထားတဲ့အဆီနှစ်တွေ၊နွားနို့နဲ့ဆားခါးတို့ကိုရောနှောပြီးရေနွေးကန်ထဲမှာအားပါးတရစိမ်လိုက်ပါ။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာသင့်အသားအရေကိုနူးညံ့ချောမွတ်စေတဲ့သဘာဝဂျီးချွတ်ပစ္စည်းပဲ ဖြစ်ပါတယ်။
ဘယ်လိုသုံးမလဲ : မုန့်ဖုတ်ဆိုဒါလေးငါးဇွန်းလောက်ကိုရေနွေးထည့်ထားတဲ့ရေချိုးဇလုံထဲကိုထည့်ပါ။ အသေအချာပျော်ဝင်သွားတဲ့အထိစောင့်ပြီးဆယ်မိနစ်ကနေမိနစ်နှစ်ဆယ်အထိစိမ်ပါ။
ရေနွေးစိမ်တာဟာစိတ်ဖိစီးမှုတွေကိုသက်သာလျှော့ချပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပြီးနောက်ကျောနာတာလို၊ခေါင်းကိုက်တာလိုဝေဒနာမျိုးတွေကိုတောင်သက်သာစေတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဖော်ပြခဲ့တဲ့ပစ္စည်းရှစ်မျိုးကိုသုံးပြီးအကောင်းဆုံးဇိမ်ခံလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]

















