brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ

ချောကလက်စားရင် နှလုံးကျန်းမာစေတယ်တဲ့။ ယုံဖို့ခက်နေမလားပဲ။ တကယ်တော့ ဟုတ်ပါတယ်။ ချောကလက်ဟာ ပုံမှန်စားသုံးပေးရင် နှလုံးကို ကျန်းမာစေတဲ့ အစားအစာတစ်မျိုးပါ။

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ

ချိုမြိန်ပြီး အရသာရှိရုံတင်မကပဲ ကျန်းမာရေးကိုပါ အထောက်အကူပြုနေတဲ့ စားမြိန်စာလေးပေါ့။

ကဖင်းဓာတ်ပါဝင်တဲ့ ချောကလက်က နှလုံးကို ထိခိုက်စေနိုင်တာမဟုတ်ဘူးလားလို့ တချို့က ပြန်မေးချင်မေးကြပါလိမ့်မယ်။ ချောကလက်မှာ ကဖင်းဓာတ်ပါဝင်တာမှန်ပေမယ့် ပမာဏအနည်းငယ်သာပါဝင်တာမို့ နှလုံးကို မထိခိုက်စေနိုင်ပါဘူး။

ခုဆိုရင် ချောကလက်စားတာက နှလုံးကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို သိပ္ပံနည်းကျ ဖော်ထုတ်ပြလာကြပြီဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် ဘေလာဆေးပညာကောလိပ်က လေ့လာချက်အရဆိုရင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ချောကလက်စားပေးတာဟာ နှလုံးသွေးကြောတွေကို ပိုပြီးကျန်းမာသန်စွမ်းစေတယ်လို့ ဆိုလာပါတယ်။

နှလုံးသွေးကြောတွေ ကျန်းမာလာတာမို့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါတဲ့။ coronary arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေဟာ နှလုံးဆီကို သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့ အရေးပါတဲ့ အရာတွေဖြစ်ကြပါတယ်။ ဒီသွေးကြောတွေ ကျန်းမာရင် နှလုံးကျန်းမာဖို့ ရာခိုင်နှုန်းများတယ်ဆိုပါတော့။

နှလုံးသွေးကြောနဲ့ ချောကလက်စားသုံးမှုတို့ရဲ့ ဆက်စပ်မှုအကြောင်း ဒီလေ့လာချက်ကို ဆယ်စုနှစ် ၅ ခုကြာလေ့လာခဲ့ကြတာဖြစ်ပါတယ်။ သုတေသန ၆ ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၃ သိန်း ၃ သောင်းကျော်ကို လေ့လာဆန်းစစ်ခဲ့ရတာပါ။

တစ်ပတ်ကို ချောကလက်တစ်တောင့် အနည်းဆုံးစားတဲ့သူတွေဟာ မစားတဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၇% နည်းပါးတာကို တွေ့ခဲ့ရပါတယ်။

ချောကလက်မှာပါဝင်တဲ့ Flavonoids ၊ Methylxanthines ၊ Polyphenols နဲ့ Stearic acid တို့လို အာဟာရဓာတ်တွေက နှလုံးထိခိုက်မှုကို လျှော့ကျစေပြီး ခန္တာကိုယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ ကိုလက်စထရော (Good Cholesterol or HDL cholesterol) တွေကို တိုးပွားစေနိုင်ပါတယ်။

European Journal of Preventive Cardiology မှာဖော်ပြခဲ့တဲ့ ဒီသုတေသနရလဒ်မှာတော့ ဘယ်လို ချောကလက်အမျိုးအစားကို စားသင့်တယ်ဆိုတာနဲ့ ဘယ်လောက်ပမာဏစားသင့်တယ်ဆိုတာကို ထည့်သွင်းဖော်ပြထားခြင်းတော့မရှိပါဘူး။

လေ့လာချက်မှာပါဝင်ခဲ့တဲ့ ပညာရှင်တွေကတော့ အလွန်အကျွံစားသုံးတာမျိုးမလုပ်သင့်ဘူးလို့ ကြိုတင်သတိပေးထားပါတယ်။ တန်ဆေးလွန်ဘေးမို့ပါတဲ့။

ချောကလက်ဟာ ကျန်းမာရေးကို အထေက်အကူဖြစ်စေပေမယ့် ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ ကယ်လိုရီ၊ သကြားနဲ့ နို့တွေကိုတော့ သတိထားရမယ်လို့ ဆိုထားတာပါ။ ဒီပစ္စည်းတွေက ဆီးချိုဖြစ်အောင် တွန်းအားပေးနေတာကြောင့်ပါပဲ။

ပြောချင်တာက ချောကလက်တောင့်ထဲမှာ ကိုကိုးမှုန့်ပမာဏ ပိုများများပါပြီး သကြားတွေ၊ ကယ်လိုရီတွေ နည်းလေလေ သင့်ကျန်းမာရေးအတွက် ပိုကောင်းလေလေဆိုတဲ့ သဘောပါပဲ။

နောက်ပြီး ချောကလက်က နှလုံးတင်မကပါဘူး။

  • တန်နင် (Tannin) ဓာတုပစ္စည်းပါဝင်တာမို့ သွားအခေါင်းပေါက်တွေ မဖြစ်အောင် တားဆီးပေးတာ၊
  • သွေးတွင်းကိုယ်လက်စထရောပမာဏကို လျှော့ချပေးတာ၊
  • အိုမင်းရင့်ရော်မှုနဲ့ ဆဲလ်ပျက်စီးစေတဲ့ဓာတ်တွေကို ရှင်းလင်းပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာ၊
  • ငယ်ရွယ်နုပျိုခြင်းကို အားပေးတာ၊
  • လေဖြတ်တာ၊ သွေးတွင်းအဆီများတာနဲ့ အရိုးအဆစ်ရောင်ရမ်းနာကျင်မှုတွေကို လျှော့ချပေးတာ၊
  • Neuroprotective Function လို့ခေါ်တဲ့ ဦးနှောက်စွမ်းဆောင်ရည်တိုးတက်စေတာ၊
  • စိတ်ဖိစီးမှုလျော့ကျစေပြီး နာကျင်ကိုက်ခဲမှု သက်သာစေတာ၊
  • လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာတွေလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဒါကြောင့် ကျန်းမာရေးကောင်းမွန်ပြီး အရသာရှိတာလေးတွေကို ရွေးချယ်မှီဝဲချင်တယ်ဆိုရင် ချောကလက်ကို အရင်ဆုံး စဉ်းစားသင့်တယ်နော်။ တစ်ခုပဲ၊ ချောကလက် အစစ်ကို ရွေးစားဖို့တော့ လိုတာပေါ့နော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။