brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

White coat hypertension Vs Masked hypertension

သွေးပေါင်တက်ခြင်း သို့မဟုတ် သွေးတိုးခြင်းဆိုတာ အလွယ်ပြောရရင် သွေး‌ပေါင်ချိန် 130/80 mmHg နဲ့ အထက်ရှိခြင်းကို ဆိုလိုပါတယ်။ သွေးတိုးရတဲ့ အကြောင်းရင်းတွေဟာ များစွာရှိပြီး တိတိကျကျပြောဖို့ ခက်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသက်အရွယ်ကြီးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း နဲ့ အဝလွန်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပုံမှန်သွေးတိုးခြင်းနဲ့ မတူတဲ့ white coat hypertension နဲ့ masked hypertension တို့‌အကြောင်းကို ပြောပြပေးသွားပါမယ်။

White coat hypertension Vs Masked hypertension

(i)White coat hypertension

White coat hypertension ဆိုတာ ပုံမှန်နေရင်း သွေးတိုးလေ့မရှိဘဲ ဆရာဝန်နဲ့ တွေ့မှ ဆေးခန်းရောက်မှ သွေး‌ပေါင်ချိန်မြင့်တက်‌နေတတ်တာကို ခေါ်ပါတယ်။ ရယ်ချင်စရာတော့ ဖြစ်နေနိုင်ပေမဲ့ ‌လက်တွေ့မှာ တကယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အန္တရာယ်လည်းရှိပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဆရာဝန်နဲ့တွေ့ရမှာ ဆေးခန်းပြရမှာကို စိုးရိမ်ပူပန်မှု စိတ်ဖိစီးမှုများကြောင့် သွေးပေါင်တက်ရခြင်း ဖြစ်ပါတယ်။

စိုးရိမ်စရာလိုသလား

သုတေသနတွေအရ သာမန်သွေးပေါင်ချိန်ရှိသူများနဲ့ နှိုင်းယှဉ်လျှင် white coat hypertension ရှိသူများဟာ နှလုံးရောဂါနှင့်သေဆုံးနိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် heart attack ရနိုင်ခြေလည်း ၃၆% လောက် ပိုများပါတယ်။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ

လူငယ်တွေနဲ့ ယှဉ်ရင် လူကြီးတွေမှာ White coat hypertension ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် အနည်းဆုံး ၅နှစ်ခန့် ဆေးရုံ၊ ဆေးခန်း ပုံမှန်ပြနေရသူတွေမှာလည်း ပိုမိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

(ii) Masked hypertension

Masked hypertension ဆိုတာ white coat hypertension နဲ့ ပြောင်းပြန်ပါ။ ဆေးရုံ ဆေးခန်းမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်ပြီး ဆေးရုံဆေးခန်းပြင်ပမှာသာ သွေးတိုးတဲ့ အခြေအနေဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဖြစ်နိုင်တာကတော့ သင့်ရဲ့ အိမ်နဲ့ လုပ်ငန်းခွင်တွေဟာ ဆေးရုံဆေးခန်းထက်ကို ပိုပြီး သင့်ကို စိတ်ဖိစီးစေတဲ့ ပတ်ဝန်းကျင်ဖြစ်နေတာမျိုးပါ။ အိမ်မှာနေစဉ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်ဖီသောက်ခြင်းတို့ကြောင့် သွေးပေါင်ချိန်တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စိုးရိမ်စရာလိုသလား

သုတေသနတွေအရ masked hypertension ရှိသူများဟာ အခြား သွေးတိုးရှိသူများနဲ့ ထပ်တူထပ်မျှ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် အိမ်မှာ မိမိဖာသာ သွေးပေါင်ပုံမှန် မတိုင်းဖြစ်ရင် ရောဂါကို လွတ်သွားတတ်ပါတယ်။

ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ

White coat hypertension ရော Masked hypertension ရော နှစ်ခုစလုံးကို ရောဂါအမည်မှန်ကန်စွာ တပ်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ မိမိအိမ်မှာ သွေးပေါင်တိုင်းတဲ့ အလေ့အကျင့် ရှိကြဖို့ပါပဲ။ အရာရာတိုင်း ဆရာဝန်ကိုပဲ အားကိုးနေလို့မရဘူးဆိုတဲ့ စကားဟာ ဒီလိုအခြေအနေမျိုးတွေမှာ အရမ်းမှန်ပါတယ်။ မိမိကိုယ်တိုင် သတိရှိပါမှ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်တတ်ပါမှ သွေးတိုးရောဂါကဲ့သို့သော နာတာရှည်ရောဂါများရဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်စက်လေး အိမ်မှာ ဝယ်ထားပြီး သွေးပေါင်ပုံမှန် တိုင်းပေးဖို့ ဒီဆောင်းပါးလေးကနေ အကြံပြုလိုက်ပါရစေ။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။