brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာမဟုတ်ပါဘူး။ နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီလည်းရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါ့မယ်။

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

ကိုယ်တွင်းဆဲလ်တွေအားလုံးမှာ ပါဝင်နေတဲ့ ကိုလက်စထရောဓာတ်တွေက အဆီဓာတ်တွေပါပဲ၊ အဆီဓာတ်က ဆဲလ်တည်ဆောက်မှုလုပ်ငန်းမှာ အကူအညီပေးသလို တခြားအရေးကြီးတဲ့အလုပ်တွေလည်း လုပ်ဆောင်ပေးပါတယ်။ အဆီဓာတ်တွေက သွေးကြောထဲစီးဆင်းနေပြီး ပရိုတင်းဓာတ်တွေနဲ့သွားပေါင်းတယ်။ ဒီကနေရလာတဲ့အဆီတွေက lipoprotein အဆီတွေဖြစ်လာပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ Lipoprotein အဆီ ၂ မျိုးရှိပါတယ်၊ အတိုကောက် LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီရယ်၊ HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီရယ်ဆိုပြီး ခွဲနိုင်ပါတယ်။ ဒီအဆီဓာတ် ၂ မျိုး အတက်အကျက နှလုံးနဲ့သွေးကြောကျန်းမာရေးအကြောင်း အများကြီးပြောပြနိုင်တဲ့အတွက် သူတို့အကြောင်း နည်းနည်းလောက်ရှင်းပြပါရစေ။

LDL (Low-density lipoprotein cholesterol) – လူတွေပြောပြောနေတဲ့မကောင်းတဲ့အဆီဆိုတာ သူပါ။ ဘာလို့မကောင်းရသလဲဆိုရင် သူကသွေးကြောထဲက အဆီတွေကို သွေးကြောနံရံတွေမှာ သွားစုအောင် လုပ်ပေးလို့ပါ။ အဆီတွေများများစုလာလေ သွေးကြောကျဉ်းလာလေဖြစ်မှာပါ။ ဒီလိုနဲ့ ခြေထောက်သွေးကြောတွေမှာ ဖြစ်ရင် ခြေထောက်သွေးကြောထုံးရောဂါ၊ နှလုံးသွေးကြောမှာဆိုရင် နှလုံးသွေးကြောပိတ်ရောဂါနဲ့ ဦးနှောက်မှာဆို လေဖြတ်ရောဂါ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးနဲ့သွေးကြောကျန်းမာရေးအတွက် LDL အဆီပမာဏကိုသေချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။

မကောင်းတဲ့အဆီဖြစ်တဲ့အတွက် နည်းလေကောင်းလေပါပဲ။ အသက်အရွယ်၊ကျား/မ မရွေး LDL အဆီဓာတ် အကြမ်းဖျင်း 100 mg/dl အောက်မှာရှိနေရင် အကောင်းဆုံးဖြစ်ပါတယ်။ အဆီအဆိမ့် အစားများတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ၊ အထိုင်များတဲ့သူတွေ၊ အမဲသား/ဝက်သားလို အနီရောင်အသားတွေ အစားများသူတွေ၊ အသင့်စား အစားအသောက်တွေ မကြာခဏစားသောက်တတ်သူတွေဆိုရင် LDL အဆီတက်နေဖို့ သေချာသလောက်ရှိပါတယ်။ ခက်တာက LDL အဆီဓာတ်က သွေးဖောက်စစ်ဆေးမှပဲ သိနိုင်တဲ့အတွက် အတော်များများက စစ်ဆေးဖို့သတိမရတတ်ကြပါဘူး။ မိသားစုမျိုးရိုးထဲမှာ အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ တစ်ခုခုဖြစ်ဖူးတဲ့သူရှိရင် ငယ်ငယ်ကတည်းက ဆရာဝန်နဲ့ပြသပြီး အဆီဓာတ်စတင်စစ်ဆေးသင့်ပါတယ်။ ပုံမှန်ဆိုရင်တော့ အသက် ၂၀ ကျော်လူငယ်တိုင်း ၅ နှစ်တစ်ကြိမ် သွေးတွင်းအဆီဓာတ် စစ်ဆေးသင့်ပြီး အသက်၄၅ – ၆၅နှစ်ကြားအမျိုးသား တွေနဲ့ အသက် ၅၅ – ၆၅နှစ်ကြား အမျိုးသမီးတွေကတော့ ၂ နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။

HDL (High-density lipoprotein cholesterol) – သူကတော့ အဆီကောင်းလေးပေါ့။ လေ့လာသူတွေကတော့ HDL အဆီဓာတ်ဟာ သွေးကြောထဲမှာစုပုံနေတဲ့ LDL အဆီဓာတ်တွေကို ဖြိုခွဲဖျက်ဆီးပစ်ဖို့ အသည်းဆီပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ အဆီတွေကို ရှင်းလင်းသန့်စင်ပေးတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ ကိုယ်တွင်းက LDL အဆီဓာတ်တွေအကုန်လုံးကိုတော့ မရှင်းလင်းပေးနိုင်ပါဘူး။ အများဆုံး သုံးပုံတစ်ပုံ (ဒါမှမဟုတ်) လေးပုံတစ်ပုံလောက်ကိုပဲ ဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။ သွေးကြောထဲကအဆီပိုတွေကို ဖယ်ရှားပေးတဲ့အတွက် HDL အဆီက သွေးကြောကျဉ်းတာကို သက်သာစေပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။ ဒီလိုခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့အဆီဓာတ်ဖြစ်တာမို့ များလေကောင်းလေပါပဲ။ ယေဘုယျအားဖြင့် အမျိုးသားတွေဆို 45 mg/dl နဲ့ အမျိုးသမီးတွေဆို 55 mg/dl အနည်းဆုံးရှိရင် အကောင်းဆုံးပါပဲ။ HDL ပမာဏများလေလေ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါတွေဖြစ်နိုင်ခြေ နည်းသွားပါတယ်။

လူတစ်ယောက် HDL အဆီဓာတ်ဘယ်လောက်ရှိတယ်ဆိုတဲ့အချက်က မိသားစုမျိုးရိုးနဲ့အဓိကသက်ဆိုင်ပါတယ်။ ဒါပေမဲ့ HDL အဆီဓာတ်များလာအောင် လုပ်ယူလို့ရတဲ့ နည်းလမ်းတွေလည်း ရှိနေပါတယ်။ ဒါတွေကတော့

– ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ကိုယ်တွင်း HDL အဆီဓာတ်ပမာဏတက်လာနိုင်တယ်ဆိုတာ သုတေသနတွေက သက်သေပြထားပါတယ်

– နှလုံးကျန်းမာရေးကိုဂရုစိုက်ပါ။ နှလုံးအဆီပိတ်နိုင်မယ့် အစားအစာတွေကို တတ်နိုင်သလောက်လျှော့စားပြီး အမျှင်ဓာတ်များတဲ့အစားအစာတွေ များများစားပေးရင် HDL အဆီဓာတ်များလာနိုင်ပါတယ်

– အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက အဆီဓာတ်ထိန်းဖို့တင်မဟုတ်ဘဲ တခြားကောင်းကျိုးတွေလည်း အများကြီးပါ။ အားကစားရုံမသွားဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာလောက်လုပ်ပေးရင်ကို အတော်ဟုတ်နေပါပြီ

ဆေးသောက်ပြီးတော့လည်း HDL အဆီဓာတ်တက်လာအောင်လုပ်ယူလို့ရပါတယ်။ ဒါပေမဲ့ ဆေးသောက်ပြီး HDL အဆီဓာတ်များတာက အပေါ်က နည်းလမ်း ၃ ခုလောက် ကျန်းမာရေးအတွက် အကျိုးမရှိပါဘူး။ ဆေးသောက်ပြီး အဆီဓာတ်တက်လာပေမဲ့ နှလုံးနဲ့သွေးကြောပြဿနာတွေကို လျှော့ချပေးနိုင်ခြင်းမရှိတဲ့အတွက် ဖြစ်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 24/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။