brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ

တစ်ည တစ်ည အိပ်ရာပေါ်မှာ လူးလိုက် လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေပြီလား။ တစ်ခါတစ်လေမှာ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကြောင့်ပဲဖြစ်ဖြစ် ခုလို အိပ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။

ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ

တကယ်တမ်းအားဖြင့် အိပ်မပျော်ဘူးဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ညဘက် အိပ်မပျော်ဖြစ်တဲ့ဝေဒနာကို (Insomnia) လို့ခေါ်ကြပါတယ်။ Insomnia ကတော့ ပုံမှန် အိပ်မပျော်တဲ့ နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ –

  • ညဘက်မှာ အိပ်ပျော်ဖို့ခက်တာ၊
  • ညဘက်တွေဆို နိုးနေတာ ဒါမှမဟုတ် အစောကြီးနိုးနေတတ်တာ၊
  • အိပ်ပြီးပျော်သွားသည့်တိုင် အနားယူလိုက်ရသလို မခံစားရတာ၊
  • နေ့ဘက်တွေမှာ မောပန်းပြီး အိပ်ငိုက်နေတတ်တာ၊
  • စိတ်မကြည်တာမျိုး စိတ်ဓါတ်ကျတာမျိုး ဒါမှမဟုတ် စိုးရိမ်စိတ်မျိုးတွေ ဖြစ်နေတတ်တာ၊
  • အာရုံစိုက်တာ မှတ်သားတာတွေမှာ ပြဿနာရှိနေတာ၊
  • ခေါင်းကိုက်တာ၊
  • အစာအိမ်နဲ့ အူဆိုင်ရာ ပြဿနာတွေဖြစ်လာတာ၊
  • အိပ်ရမှာကို စိုးရိမ်ထိတ်လန့်လာတာတွေ ဖြစ်လေ့ရှိပါတယ်။

တကယ်လို့ ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မရှိပဲ ပုံမှန်အခြေအနေမျိုးနဲ့ အိပ်စက်ဖို့ ခက်နေတာ၊ အိပ်မပျော်ဖြစ်နေတာဆိုရင်တော့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။

Insomnia ဝေဒနာ မရှိပဲ အိပ်မရဖြစ်နေတာ ဘာကြောင့်လဲ

ဒါပေမယ့် တစ်ခါတစ်လေမှာ Insomnia ကြောင့်မဟုတ်ပဲ အိပ်ရခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြုအမူတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။

ဒီလို အိပ်စက်ရခက်ခဲနေတာဟာ အောက်က အကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

  • ၁။ Sleep apnea (အိပ်နေစဉ် အသက်ရှုရပ်ခြင်း ဝေဒနာ) ခံစားနေရတာ
  • ၂။ အပြင်းအထန် ကိုယ်အလေးချိန်လျှော့ချနေမိတာ
  • ၃။ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မှုနည်းပါးတာ
  • ၄။ နာကျင်မှုဝေဒနာ တမျိုးမျိုး ခံစားနေရတာ
  • ၅။ Restless legs syndrome (ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ)
  • ၆။ စိတ်ဓာတ်ကျနေတာ
  • ၇။ စိတ်ဖိစီးမှုများနေတာ
  • ၈။ အိပ်ချိန်မမှန်တာ
  • ၉။ သွေးတိုးနေတာ၊
  • ၁၀။ အဝလွန်နေတာ
  • ၁၁။ နှလုံးရောဂါခံစားနေရတာ
  • ၁၂။ ဆီးချိုဝေဒနာခံစားနေရတာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အိပ်ရခက်နေတာကို ဘယ်လို ကုသမလဲ

ဒီလိုပြဿနာတွေကြောင့် အိပ်စက်လို့မရဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး သက်သာအောင် ကုစားနိုင်ပါတယ်။

  • အိပ်ချိန် သေချာသတ်မှတ်ပါ
  • အိပ်ရာဝင်ခါနီးမှာ သက်သောင့်သက်သာဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးလုပ်ပါ
  • ပုံမှန် အိမ်မပျော်ဖြစ်နေရင် နေ့ခင်းနေ့လယ်အိပ်စက်တာမျိုး ရှောင်ကျဉ်ပါ
  • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
  • အခန်းထဲက ပစ္စည်းတွေကို နေရာပြောင်းလဲထားကြည့်ပါ
  • သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ယာ၊ ခေါင်းအုံး၊ စောင်တွေနဲ့ အိပ်စက်ပါ
  • အိပ်ခန်းထဲမှာ တောက်ပတဲ့အလင်းမျိုး ဖွင့်မထားပါနဲ့
  • အရက်၊ ဆေးလိပ်နဲ့ ပမာဏများပြားတဲ့ အစားအစာတွေကို ညပိုင်းမှီဝဲတာမျိုးမလုပ်ပဲ ရှောင်ကျဉ်ပါ
  • အိပ်ယာဝင်ခါနီးမှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ၊ တက်ဘလက် သုံးတာလျှော့ပါ
  • စိတ်လက်အေးချမ်းစေမယ့် စာမျိုးကို မိနစ် အနည်းငယ်လောက်ဖတ်ပေးပါ။

အထက်ပါနည်းလမ်းတွေကတော့ အိပ်ရာထက်မှာ လူးလှိမ့်ပြီး အိပ်ရခက်နေသူတွေကို ကောင်းမွန်စွာအိပ်စက်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးနဲ့ ချိတ်ဆက်နေတာမို့ ကောင်းကောင်းအိပ်ပျော်ဖို့ လုံလုံလောက်လောက် အိပ်စက်ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၈ နာရီလောက် အိပ်စက်ဖြစ်ဘူးဆိုရင် နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာမို့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အမြန်ဆုံး ပျောက်ကင်းအောင် ကုသကြပါလို့ တိုက်တွန်းချင်ပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။