brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း လေ့လာလိုက်ရအောင်လား။

ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis) ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်မရ၊ အော်မရပြုမရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်ပါတယ်။

  • ဘီလူးစီးခြင်း (၂)မျိုး

ဘီလူးစီးခြင်း (Sleep Paralysis) ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ မူမမှန်တဲ့ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတတ်ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။

မြန်မာလိုပြောရရင်တော့ ဘီလူးစီးခြင်း (Sleep Paralysis) ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါ၊ နှစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

  • ဖြစ်ရတဲ့ အကြောင်းအရင်း

ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲ ရှိပါသေးတယ်။

လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲ သူနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့တုံ့ပြန်မှုတွေ၊ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါ ဒီ NREM နဲ့ REM အဆင့်တွေအလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော်သွားတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

REM အချိန်မှာ လူတွေက အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်မိပါလိမ့်မယ်။

အဲဒီတော့ အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ်နေအောင် ဦးနှောက်က REM အဆင့်မှာ လူတွေအိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်းအပြင်မှာလိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို ဦးနှောက်က လှမ်းပိတ်ထားလိုက်ပါတယ်။ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။

  • ဘီလူးစီးတဲ့အခါ

ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ ကိုယ်တိုင်ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ မလှုပ်ရှားနိုင်အောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူးစီးတဲ့အချိန်မှာ မအော်နိုင်မဟစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ကြွက်သားတွေကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။ အဲဒီလို ဘီလူးစီးတယ်ဆိုတဲ့ အခြေအနေဖြစ်ပေါ်ရတာကတော့ REM အဆင့်မှာ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံမှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဦးနှောက်ကအိပ်နေတယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ လှုပ်မရ၊ အော်မရ ဖြစ်လာတယ်။ အိပ်မက်မက်နေသလို၊ တကယ်ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်တော့ စိတ်ဒုက္ခရောက်စရာ ကြောက်စရာဖြစ်လာတယ်။ တခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။

ဆိုလိုချင်တာက အပြင်ကလူတစ်ယောက်ယောက် မနှိုးမချင်း ဒါမှမဟုတ် REM အဆင့်မကုန်သွားမချင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေဟာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။

အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန်တာ လွန်ကဲပြီး ဒီအခြေအနေဟာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ နောက်ဆက်တွဲဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့လူတွေမှာ အဲဒီလိုလှုပ်လို့မရတဲ့ အခြေအနေတစ်ရပ်မှာ အင်မတန်ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံခံစားခဲ့ရတယ်လို့ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ်ပါတယ်။

  • ဘယ်အချိန်တွေမှာ ပိုဖြစ်သလဲ

ဒီလို ဦးနှောက်က ဘာသာပြန်မှားယွင်းတာဟာ ဦးနှောက်ကို အောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေ ဥပမာ- လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့သိနေပေမယ့်လည်း အသက်ရှူကျပ်တဲ့အထိ၊ အသက်ရှူလို့မရတဲ့အခြေအနေထိ ဖြစ်လာပါတယ်။

ဘီလူးစီးခြင်း (Sleep paralysis)ဟာ အသက်အန္တရာယ်ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်ဖို့ကောင်းတတ်ပါတယ်။

  • ဒီလူတွေမှာ ပိုဖြစ်တတ်ပါတယ်

ဘီလူးစီးတာဟာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ မူးယစ်ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်ကမှန်နေတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်ဖို့ ပြောတယ်လေ။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် လျှာ ဒါမှမဟုတ် အာခေါင်ပျော့တို့က ဖိအားဖြစ်စေတဲ့အတွက် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။

ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်တာနဲ့ အိပ်ရာကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်းသန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် ဘီလူးစီးခြင်း (Sleep Paralysis) ကို ကာကွယ်နိုင်ပါတယ်။

ရေးသားသူ- Dr. Kaung Thar

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hello Sayarwon Panel · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။