စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ။

နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့်သွေးပေါင်ချိန်မြင့်ရာကနေနောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီးသွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့်နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။

ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်သလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီးသွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။

ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာကခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာကခေါင်းကိုက်စေတဲ့အပြင်ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါခံစားရစေနိုင်ပါတယ်။

စိတ်ဓာတ်ကျ – ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓာတ်ကျတာကိုဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓါတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းပြဿနာ -အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်း အာဟာရဖြစ်ပြီး အစာခြေစနစ် ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကိုမြန်မြန်အဝေးလွှင့်ပစ်ပါနော်။

အယ်လ်ဇိုင်းမားရောဂါ (စိတ်ချို့ယွင်းမှုရောဂါတစ်မျိုး) -လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေရောဂါခံစားရနိုင်ခြေနည်းလေလေပါ။

အိပ်စက်မှုထိခိုက်နိုင်တယ် – စိတ်ဖိစီးရင် ဘယ်လောက်အိပ်အိပ် အိပ်မပျော်ပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်တာကြာလာတဲ့အခါ စိတ်ခံစားမှုတွေမကောင်းသလို မှတ်ဉာဏ်တွေပါ ထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး အိပ်ရေးပျက်ညတွေ များလာတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို နှင်ထုတ်ရာမှာ အခက်တွေ့သထက်တွေ့စေတော့ပါတယ်။

အနာကျက်နှေးမယ် – စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာကောတီစောပမာဏတွေများလာပြီး အနာကျက်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအား အားနည်းလာပြီး အနာကျက်မှုဖြစ်စဉ်နှေးကွေးလာစေတော့ပါတယ်။

ခဏခဏဖျားနာမယ် – ခဏခဏဖျားနာတာကလည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုများနေတာကြောင့် ကိုယ်ခံအားနည်းလာလို့ ဖြစ်ရတာပါ။

အိုမင်းရင့်ရော်စေနိုင်တယ် – စိတ်ဖိစီးမှုက လူရဲ့ရုပ်သွင်ပြင်ကိုထိခိုက်စေနိုင်ပါတယ်။နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကိုရှောင်လွှဲခွင့်မရဘဲ ရင်ဆိုင်နေရသူတွေမှာ ရှိရင်းစွဲအသက်ထက် ၉ နှစ် ကနေ ၁၇ နှစ်အထိ အိုမင်းရင့်ရော်နိုင်တယ်လို့လေ့လာမှုရလဒ်တွေအရသိရပါတယ်။

အရွယ်မတိုင်ခင်သေဆုံးမယ် – စိတ်ဖိစီးမှုက ကိုယ်ရော စိတ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရင်ဆိုင်ရသူတွေဟာ အခြားသူတွေက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်နော်။

စိတ်ဖိစီးမှုကို ဒီလိုဖြေလျှော့ပါ

စိတ်ဖိစီးမှု ဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ ဒီနည်းလေးတွေ သုံးပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။

  • အပြုသဘောဆောင်တဲ့ သဘောထားရှိပါစေ
  • ကိုယ်မလုပ်ဆောင်နိုင်တဲ့ အခြေအနေကို လက်သင့်ခံတတ်ပါစေ
  • တရားထိုင်တာ၊ယောဂကစားတာ၊ ထိုက်ချိ ကစားတာလိုမျိုး စိတ်အပန်းပြေစေတဲ့ အားကစားလုပ်ဖြစ်အောင်ဂရုစိုက်ပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်အောင်ဂရုစိုက်ပါ
  • ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်ပါစေ
  • အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်ပါစေ
  • စိတ်ဝင်စားတဲ့ အရာတွေအတွက် အချိန်ပေးတတ်ပါစေ
  • လုံလောက်တဲ့ အိပ်စက်အနားယူမှုရှိပါစေ
  • အရက်နဲ့ဆေးလိပ်လိုမျိုး အရာတွေကို စိတ်ဖြေစရာအဖြစ် အသုံးမပြုပါနဲ့
  • ချစ်ခင်ရသူတွေနဲ့ အချိန်ပေးတွေ့ဆုံပေးပါ

ဒီနည်းလေးတွေသုံးလို့ စိတ်ဖိစီးမှုကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်ပြီး ရောဂါကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။