brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကိုဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ တချို့က ကာတွန်းကား ကြည့်ကြတယ်။ တချို့က သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။

ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။

ကာတွန်းကား ကြည့်မယ်

လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကိုမကြည့်ဖူးတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ကာတွန်းဇာတ်ကောင်တောင်ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကိုဘယ်လိုသက်သာစေလဲဆိုတာကိုပြောပြမယ်နော်။

ကာတွန်းကားတော်တော်များများကပျော်စရာလေးတွေနဲ့အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ပျော်စရာ၊ရယ်စရာလေးတွေပါတဲ့ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင်စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုးဖြစ်သွားစေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်း စိတ်ညစ်စရာကို ခဏလောက်တော့မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင်အနည်းဆုံးတော့ပျော်ရွှင်သလိုခံစားရစေတာအမှန်ပါပဲ။လေ့လာမှုတစ်ခုအရ စိတ်ဓါတ်ကျနေတဲ့အခါ ကာတွန်းကားကြည့်လိုက်ရင် အတွေးအမြင်အသစ်တွေရရှိစေတယ်လို့ သိရပါတယ်။

ဒါတွေတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ ကတွန်းကားကြည့်တာက အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။

သင်ခန်းစာ ရစေနိုင်တယ်

ကာတွန်းကားတွေကို ကြည့်ရင်းစေတနာကောင်းတဲ့သူက အစပိုင်းမှာဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ သူရဲ့စိတ်ထားကောင်းတာကြောင့်နောက်ဆုံးမှာ ကံကောင်းတာတွေရတယ်ဆိုတာသိမြင်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် – Cindrella story ထဲကလိုမျိုးပေါ့။ ကာတွန်းကားကြည့်တာက မိဘတွေကိုလည် ကလေးငယ်တွေကို ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကို သိမြင်စေပါတယ်။ ကာတွန်းကားတွေကခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲ၊ သူငယ်ချင်းကောင်းတွေရရှိအောင်ဘယ်လိုလုပ်ရမလဲ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကိုပြသပေးပါတယ်။ ကျန်းမာအောင် စားသောက်နေထိုင်တတ်ဖို့ကိုလည်း ကာတွန်းကားတွေက သင်ယူလို့ရပါတယ်။ ကာတွန်းကားတွေက အကောင်းအဆိုးကိုခွဲခြားသိရှိစေနိုင်ပြီး အခြားသူတွေကို ဘယ်လိုကူညီဖေးမရမလဲဆိုတာနဲ့ အခြားသူတွေနဲ့မျှဝေတတ်တဲ့စိတ်သဘောထားတွေကိုရရှိစေနိုင်ပါတယ်။

စိတ်ခွန်အား ရစေနိုင်တယ်

ကာတွန်းကားတွေက ကလေးရော လူကြီးတွေကိုပါ နှစ်ခြိုက်သဘောကျစေနိုင်တဲ့ စိတ်အပန်းဖြေစရာတစ်မျိုးပါ။ ကာတွန်းကားကြည့်တာကနေ့စဉ်လူနေမှုဘဝအတွက်တော်တော်လေးအသုံးတည့်ပါတယ်။ ရယ်စရာကောင်းတဲ့ ကာတွန်းတွေ၊ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေက စိတ်ထဲမှာပျော်ရွှင်ကြည်နူးမှုကိုခံစားရစေပါတယ်။ ကာတွန်းကား အကြည့်များတဲ့သူတွေက အကောင်းမြင်သဘောထားပိုများပါတယ်၊လို့လည်းလေ့လာမှုတွေအရသိရပါတယ်။

လူမှုဘဝကို သိမြင်စေနိုင်တယ်

ကလေးလေးတွေကို ကာတွန်းကားပြပေးမယ်ဆိုရင်လည်း ကလေးတွေက လူမှုဘဝရဲ့နေထိုင်မှုပုံစံတွေကို သိရှိနိုင်မှာဖြစ်သလို ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါသိရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို ဗဟုသုတတွေလည်းတိုးတက်စေမှာ အသေအချာပါပဲ။

ဝေါဟာရ ကြွယ်ဝစေတယ်

ကလေးတွေအနေနဲ့ ကာတွန်းကားကြည့်တဲ့အခါ ဇာတ်ကောင်လေးတွေကပြောနေတဲ့ စကားလုံးတွေကို နားရည်ဝလာပြီး စကားလုံးတွေကိုပြောတတ်လာမှာပါ။ မသိသေးတာတွေကိုလည်းသိရှိပြီးဝေါဟာရလည်း ကြွယ်ဝလာမှာဖြစ်ပါတယ်။

အာရုံစိုက်နိုင်စွမ်း တိုးစေတယ်

လေ့လာမှုအရ ကာတွန်းကားကြည့်တဲ့ ကလေးလေးတွေက ကာတွန်းကားမကြည့်တဲ့ ကလေးလေးတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုများကြတယ်၊လို့သိရပါတယ်။ ကာတွန်းကားကြည့်တဲ့အခါ အချိတ်အဆက်တွေကို သိရအောင် အာရုံစိုက်ကြည့်ရှုတာကြောင့် ကလေးရဲ့ အာရုံစိုက်နိုင်စွမ်းကတိုးလာတာဖြစ်ပါတယ်။

စိတ်ခံစားမှုကောင်းမွန်စေနိုင်တယ်

ဖျားနေတဲ့ ကလေးလေးကို ကာတွန်းကားပေးကြည့်တဲ့အခါ နာရီအနည်းငယ်ကြာလာရင် ကလေးငယ်ရဲ့ စိတ်ထဲမှာနေမကောင်းတာကို မတွေးမိတော့ဘဲ ကာတွန်းကားထဲက အကြောင်းအရာတွေကို စိတ်ရောက်သွားပါလိမ့်မယ်။ ဒီလိုမျိုးစိတ်ကဖျားနာခံစားနေရမှုအပေါ်မှာ အာရုံမရှိတော့တဲ့အခါနေရထိုင်ရကောင်းလာစေမှာပါ။ ကလေးကို အာရုံပြောင်းပေးလိုက်တဲ့သဘောပါ။

စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တယ်

ကာတွန်းကားတွေက ရယ်မောပြီး စိတ်ပျော်ရွှင်ရစေတာကြောင့် ကာတွန်းကား ကြည့်သူတွေမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါလိုမျိုးဝေဒနာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။ ကာတွန်းကားကြိုက်တဲ့ လူကြီးတေါက ကလေးငယ်ွေနဲ့ ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်သလိုပြဿနာတွေကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။

အခုလောက်ဆိုရင်တော့ ဘာကြောင့် ကာတွန်းကားကြည့်တာကောင်းတယ်လို့ပြောရလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ စိတ်ညစ်စရာကင်းတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/02/2021 ဖြစ်ပါသည်။