brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression)

ယခုနောက်ပိုင်း လူငယ်အချို့ ဒီပရက်ရှင်ဝင်သည် ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပုံနှင့်စာတင်ခြင်းများ မကြာမကြာတွေ့လာရသည်။ တကယ်ပဲ ဒီပရက်ရှင် ဝင်ကုန်ကြပါသလား။ မိတ်ဆွေရော ဒီပရက်ရှင် ရောဂါ ရှိနေပါသလား။ ဆန်းစစ်ကြည့်ကြရအောင်။

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression)

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) ဒီပရက်ရှင် (Depression) သို့မဟုတ် စိတ်ကျရောဂါ ဆိုသည်မှာ အဖြစ်များသော စိတ်ခံစားမှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် ရောဂါဖြစ်သူ၏ စိတ်ခံစားမှု၊တွေးတောဆင်ခြင်မှု နှင့် နေ့စဉ်လုပ်ဆောင်မှုများအပေါ် မကောင်းသောသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄သန်းခန့် ရှိပါသည်။ အမျိူးသမီးများသည် အမျိုးသားများထက် စိတ်ကျရောဂါ ပို၍အဖြစ်များပါသည်။

စိတ်ကျရောဂါဆိုင်ရာလက္ခဏာများ

၁။ ဝမ်းနည်းနေခြင်း/စိတ်ဓာတ်ကျနေခြင်း။

၂။ ယခင်က စိတ်ဝင်စား/ပျော်ရွှင်ခဲ့သော အလုပ်များတွင် စိတ်ဝင်စားမှု/ပျော်ရွှင်မှုမရှိတော့ခြင်း။

၃။ အစာစားချင်စိတ် အပြောင်းလဲဖြစ်ခြင်း (များသောအားဖြင့် အစာစားချင်စိတ်မရှိခြင်း) နှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း။

၄။ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း အိပ်ခြင်း။

၅။ ရည်ရွယ်ချက်တိတိကျကျမရှိသော လုပ်ရှားမှုများလုပ်ဆောင်ခြင်း (ဥပမာ-လက်ချောင်းများဖျစ်ညှစ်ခြင်း)၊ လှုပ်ရှားမှု ၊ စကားပြောဆိုမှုများ နှေးကွေးသွားခြင်း။

၆။ ဘာမှအသုံးမကျဟု ခံစားရခြင်း/အပြစ်ရှိသည်ဟု ခံစားရခြင်း။

၇။ အားအင်များကုန်ခန်းခြင်း/နုံးချည့်နေခြင်း။

၈။ စဉ်းစားတွေးတောရန်၊ အာရုံစိုက်ရန်၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း။

၉။ သေခြင်းတရားအကြောင်း တွေးတောခြင်း၊ သေကြောင်းကြံရန် တွေးတောခြင်း။

စိတ်ကျရောဂါ အမျိုးစားခွဲခြင်း နှင့် အတည်ပြုခြင်း

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) အထက်ဖော်ပြပါ ရောဂါလက္ခဏာများနှင့် ဖြစ်ပေါ်သည့် အချိန်ပေါ်မူတည်၍ စိတ်ကျရောဂါအား (၁)အသေးစားစိတ်ကျရောဂါ နှင့် (၂)အကြီးစားစိတ်ကျရောဂါ ဟု နှစ်မျိုးခွဲခြားထားပါသည်။

(၁)အသေးစားစိတ်ကျရောဂါ – အထက်ပါ ရောဂါလက္ခဏာများထဲမှ ၂ – ၄ချက် အထိရှိပါက(အမှတ် ၁ နှင့် ၂ အဓိကပါဝင်ရပါမည်) အသေးစားစိတ်ကျရောဂါဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်။

(၂)အကြီးစားစိတ်ကျရောဂါ – အထက်ပါရောဂါလက္ခဏာများထဲမှ အနည်းဆုံး ၅ချက် (အမှတ် ၁ နှင့် ၂ အဓိကပါဝင်ရပါမည်) ရှိပြီး ရောဂါလက္ခဏာများဖြစ်ပေါ်ချိန် နှစ်ပတ် အထက်ရှိပါက အကြီးစားစိတ်ရောဂါဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်။

အထက်ပါ နှစ်မျိုးအပြင် အခြားသောစိတ်ကျရောဂါ အမျိုးအစားများလည်း ရှိပါသေးသည် (Persistent depressive disorder,Postpartum depression,Psychotic depression,Seasonal affective disorder,Bipolar disorder စသဖြင့်)။

အထူးသတိပြုရန်မှာ အချို့သောရောဂါများ (သိုင်းရွိုက်ရောဂါ၊ဉီးနှောက်ကင်ဆာနှင့် ဗီတာမင်ချို့တဲ့ခြင်း စသဖြင့်)သည်လည်း စိတ်ကျရောဂါနှင့်ဆင်သော လက္ခဏာအချို့ကို ဖြစ်စေတတ်သဖြင့် စိတ်ကျရောဂါဟု မိမိဖာသာ သတ်မှတ် အတည်ပြုခြင်း မပြုလုပ်ရန်ဖြစ်ပါသည်။

မိမိကိုယ်ကို စိတ်ကျရောဂါရှိသည်ဟု သံသယဝင်ပါက ကျွှမ်းကျင်သောဆရာဝန်များနှင့် သွားရောက်တွေ့ဆုံရန် အကြံပြုအပ်ပါသည်။

စိတ်ကျရောဂါ ဖြစ်စေနိုင်သော အကြောင်းများ

၁။ကလေးဘဝ ဖြစ်ရပ်များ (ကလေးဘဝတွင် လျစ်လျူရှုခံရခြင်း၊ စိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်း၊မိဘများမှ မိမိနှင့်မောင်နှမများကြားတွင် မမျှတစွာ ဆက်ဆံခြင်း)၊ ကြီးမားသော ဘဝအပြောင်းအလဲများ(ငွေကြေးဆိုင်ရာအခက်ခဲများကြုံရခြင်း၊ အလုပ်ပြုတ်ခြင်း၊ ရောဂါဖြစ်ခြင်း – ကင်ဆာ၊AIDS စသဖြင့်၊ မိမိချစ်ခင်ရသူအားဆုံးရှံးရခြင်း)

၂။မိသားစုထဲတွင် စိတ်ကျရောဂါဖြစ်သူရှိခြင်း

၃။ ဆေးဝါးများ – အချို့သော ဆေးများသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ကျရောဂါလက္ခဏာများ ဖြစ်စေတတ်ပါသည်။ ( interferon therapy, beta-blockers, cardiac agents, anticonvulsants, anti migraine drugs, antipsychotics စသဖြင့် )

၄။ မူးယစ်ဆေးဝါးသုံးစွဲခြင်း- မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စိတ်ကျရောဂါ ဖြစ်စေတတ်သလို စိတ်ကျရောဂါ လက္ခဏာများကိုလည်း ပိုဆိုးစေနိုင်ပါသည်။ (အရက်၊ဘိန်း၊အိပ်ဆေးများ၊ကိုကင်း၊စိတ်ကြွဆေးများ စသဖြင့်)

စိတ်ကျရောဂါကို ကုသခြင်း

မိတ်ဆွေအတွက် သတင်းကောင်းမှာ စိတ်ကျရောဂါသည် ကုသ၍ ရသော ရောဂါဖြစ်ပါသည်။

စိတ်ကျရောဂါဖြစ်သူ ၈၀ – ၉၀ ရာခိုင်နှုန်းသည် စိတ်ကျရောဂါကုထုံးကို ကောင်းမွန်စွာတုံ့ပြန်ပါသည်။

စိတ်ကျရောဂါ ကုသသောနည်းလမ်းများ

၁။ သောက်ဆေးများ – Antidepressant (စိတ်ကျ‌ရောဂါကုဆေး)များဖြင့် အဓိက ကုသပါသည်။ဆေးစသောက်ပြီး နှစ်ပတ် မှ လေးပတ် အကြာတွင် ဆေးအာနိသင်စပြပါသည်။

၂။စိတ်ကျရောဂါကုထုံးများ- Talk therapy, cognitive-behavioral therapy (CBT), interpersonal therapy (IPT),problem-solving therapy စသောကုထုံးများ ပါဝင်ပါသည်။

၃။ လျှပ်စစ်ကုထုံး – ဆိုးရွားသော အကြီးစားစိတ်ကျရောဂါ နှင့် Bipolar disorder တို့အား ကုသရာတွင် လျှပ်စစ်ကုထုံးကို အသုံးပြုပါသည်။ အခြားသော ကုထုံးများကို မတုံ့ပြန်မှသာ အသုံးပြုပါသည်။

ကျွန်ုပ်တို့တွင် ရုပ် နှင့် နာမ်၊ စိတ် နှင့် ကိုယ် ဟူ၍ ရှိသော်လည်း ကျွန်ုပ်တို့သည် ခန္ဓာကိုယ်၌ ဖြစ်သော ရောဂါများကိုသာ ကုသလေ့၊ သတိပြုမိလေ့ရှိပြီး စိတ်၌ဖြစ်သောရောဂါများကို သတိပြုမိလေ့မရှိပါ။

သတိပြုမိပါကလည်း ရှက်စရာဟုယူဆ၍ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသလေ့မရှိပါ။

ခန္ဓာကိုယ်တွင် ရောဂါဖြစ်ခြင်းသည် သဘာဝ ဖြစ်သကဲ့သို့ စိတ်တွင် ရောဂါဖြစ်ခြင်းသည်လည်း သဘာဝပင်ဖြစ်ပါသည်။ စိတ်ရောဂါဖြစ်ခြင်းသည် ရှက်စရာမဟုတ်ပါ။ မည်သူမဆို စိတ်ရောဂါဖြစ်နိုင်ပါသည်။

ယခုလောက်ဆိုလျှင် များစွာသောစိတ်ရောဂါများထဲမှ တစ်ခုဖြစ်သော Depression ‌/စိတ်ကျရောဂါအကြောင်းအား အခြေခံမျှ ကျန်းမာရေးအသိပညာ သိရှိပြီဟုယူဆပါသည်။ သို့ပါ၍ အွန်လိုင်းပေါ်တွင် ဒီပရက်ရှင် (Depression) ဟုတင်နေသူများတွေ့ပါက အထက်ပါ လက္ခဏာများနှင့် မီးမောင်းချိန်ထိုးသုံးသပ်၍ လိုအပ်ပါက တတ်သိကျွမ်းကျင် ပညာရှင်များနှင့် ဆွေးနွေးစေသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

ရေးသားသူ- Dr ဝန်ရာ

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။