COVID-19 ရောဂါကပ်ဘေးကြီးဟာ တစ်နှစ်နီးပါး ခရီးရောက်လာခဲ့ပါပြီ။ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးနဲ့ လူသားတွေကို ဒုက္ခပေးနေခဲ့တာပါ။ ကူးစက်ရောဂါဆိုးတစ်ခုဖြစ်ပေမယ့် တိုက်ရိုက်ပြဿနာတွေထက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက လူသန်းပေါင်းရာချီအပေါ် သက်ရောက်နေခဲ့ပါတယ်။
အထူးသဖြင့်တော့ စိတ်ကျန်းမာရေးပြဿနာတွေပါပဲ။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို COVID-19 ရောဂါကပ်ဘေးသင့်နေချိန်မှာ ပိုပြီးခံစားရနိုင်ပါတယ်။
ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အထူးသဖြင့် အမျိုးသားတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုခံစားနေရပါတယ်။
ကိုဗစ်ထက် ကြောက်ဖို့ကောင်းနေတဲ့ ပြဿနာ
ဗြိတိန်က ဆေးသိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းတွေအရ ကိုဗစ်ကာလအတွင်းမှာ အမျိုးသား ၁၀ ဦးလျှင် ၄ ဦးနှုန်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မိသားစုရဲ့ စီးပွားရေးဝန်ထုပ်ကို ထမ်းပိုးထားရတဲ့ အိမ်ထောင်ရှင်တွေမှာ ပိုအခြေအနေဆိုးတယ်လို့ဆိုပါတယ်။
ပုံမှန်အားဖြင့် အမျိုးသားတွေဟာ စိတ်ဝေဒနာကို ဝန်ခံဖို့ ခက်ခဲကြသူတွေဖြစ်ပါတယ်။ အမျိုးသားတွေဟာ ဒီလို စိတ်ဝေဒနာမျိုးတွေ တွယ်ညိလာချိန်တွေမှာ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟဖို့၊ ကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားတာပါ။
ဒါကြောင့်ခုလို ကပ်ဘေးကာလမှာ အမျိုးသား ၁၀ ဦးလျှင် ၄ ဦးနှုန်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်နေတယ်ဆိုတဲ့ စစ်တမ်းဟာ အလွန်အလေးအနက်ထားဖို့လိုအပ်တဲ့ သတိပေးခေါင်းလောင်းသံဖြစ်တယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့သူတွေက ဆိုသွားခဲ့ကြပါတယ်။
လေ့လာချက်မှာ ဖော်ပြထားချက်အရ လွန်ခဲ့တဲ့ ၆ လအတွင်း အမျိုးသား ၄၅% လောက် စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ကြရပြီး ထူးခြားချက်ကတော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောသူ မရှိသလောက်ဆိုတဲ့ အဖြေထွက်နေတာပါပဲ။
ခုလိုဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ စိုးရိမ်ပူပန်စရာတွေများလာတာ၊ ပုံမှန်ဝင်ငွေ မတည်ငြိမ်တော့တာ၊ အလုပ်အကိုင်ရာထူးနေရာအတွက် စိတ်ချရမှုမရှိတော့တာ၊ မိသားစုတွင်း ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲလာတာတွေကြောင့်လို့ ဆိုပါတယ်။
ကာကွယ်ဆေးနဲ့ ကုသဆေးတွေ မရှိသေးတာကြောင့် ကိုဗစ်ဟာ ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးဖြစ်နေဆဲပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာတွေကတော့ ကိုဗစ်ပြီးဆုံးသွားချိန်မှာတောင် စိတ်ဒါဏ်ရာတွေအဖြစ် တွယ်ညိကျန်ခဲ့နေနိုင်တာမို့ ပိုမိုဆိုးရွားတဲ့ ပြဿနာတစ်ခုအဖြစ် ကျန်းမာရေးအသိုင်းအဝိုင်းတွေက ရှုမြင်ထားကြပါတယ်။
ကာကွယ်နိုင်ဖို့ လိုနေပြီလား
လနဲ့ချီကြာ Stay at Home ၊ Lockdown နဲ့ Isolation အဖြစ်နေထိုင်နေကြရမှုတွေကြောင့် စိတ်ဝေဒနာခံစားရသူ အရေအတွက်ဟာ အလွန်အမင်းမြင့်တက်လာနေပါတယ်။ ဒီအခြေအနေဟာ COVID ကပ်ဘေးရဲ့ နောက်ထပ်ရိုက်ခတ်လာမယ့် လှိုင်းလုံးဖြစ်လိမ့်မယ်လို့ သုံးသပ်ဖော်ပြထားတဲ့ သုတေသန အစီရင်ခံစာအများအပြား ထွက်ပေါ်လာနေကြပါတယ်။
ဒီလို ကာလရှည်ကြာ အိမ်တွင်းအောင်းနေမယ်ဆိုရင် အမျိုးသားတွေရော အမျိုးသမီးတွေပါ
- စိတ်ဓာတ်ကျလာတာ၊
- စိတ်ဆိုး၊ ဒေါသထွက်လွယ်လာတာ၊
- အိပ်မပျော်တာ၊
- စိုးရိမ်ပူပန်စိတ်တွေ တိုးပွားလာတာ၊
- ရည်ရွယ်ချက်ပျောက်ဆုံးတာ၊
- အလိုလို ဝမ်းနည်းနေတတ်တာ စတဲ့ လက္ခဏာတွေ ခံစားရလာနိုင်ပါတယ်။
ဘော့စ်တွန် တက္ကသိုလ်က ပညာရှင်တွေရဲ့ အဆိုအရဆိုရင်တော့ မရေရာမှုတွေနဲ့ နေထိုင်နေရတဲ့ ဘဝအခြေအနေနဲ့ ဆိုးရွားလှတဲ သတင်းဆိုးတွေကိုသာ နေတိုင်းကြားသိနေရမှုတွေဟာ လူတွေရဲ့ အတွင်းစိတ်က ပူပင်သောကကို ထုထည်ပမာဏကြီးမားအောင် အင်နဲ့အားနဲ့ မြှင့်တင်ပေးနေတယ်လို့ ဆိုထားပါတယ်။
အခြေအနေတွေအားလုံးတည်ငြိမ်ပြီး သာမန်ဘဝကို ပြန်လည်ရောက်ရှိချိန်မှာတောင်မှ သူတို့အနေနဲ့ ပုံမှန်စိတ်အခြေအနေပြန်ဖြစ်ဖို့ အထောက်အပံ့အကူအညီတွေလိုအပ်လိမ့်ဦးမှာပါ။ ဒါပေမယ့် လူအများအပြားကတော့ အသစ်ဖြစ်ပေါ်လာတဲ့ ပုံမှန်ဘဝ (New Normal) ကို ယုံကြည်စိတ်ချမှုမရှိကြသေးပါဘူး။
လတ်တလော အခြေအနေတွေမှာတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပုံမှန်အနေအထားမှာ ထိမ်းသိမ်းထားနိုင်ဖို့ အထီးကျန်ခြင်းနဲ့ ပူပင်သောကတွေကို ဖြေဖျောက်နိုင်ဖို့ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
ဒီနည်းလမ်းတွေက စိတ်ပင်ပန်းနေတဲ့ အမျိုးသားထုကြီးကို တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းတွေပါ။
- စိတ်ကြိုက် ရုပ်ရှင်တွေ၊ စီးရီးတွေကို အတိုးချကြည့်တာ၊
- စိတ်ကြိုက် လေ့ကျင့်ခန်းတွေ လုပ်တာ၊
- စာဖတ်တာ၊
- နေ့စဉ် နေအိမ်ကို သန့်ရှင်းရေးလုပ်တာ၊ မယ်
- ရေမှန်မှန်ချိုးတာ၊
- မိသားစုနဲ့အတူ ချက်ပြုတ်လုပ်ကိုင်ကြည့်တာ၊
- ဝါသနာအသစ်တွေ လေ့လာတာ၊
- ဂိမ်းဆော့တာ၊
- သီချင်းနားထောင်တာ၊ သီချင်းအော်ဆိုတာ၊
- ချစ်ရတဲ့သူတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ Online ကနေတဆင့် အဆက်အသွယ်မပြတ်အောင် နေထိုင်တာ၊
- အာဟာရပြည့်ဝစွာ အစာ စားအသောက်တာတွေကို ပုံမှန်ပြုလုပ်တာတွေပါပဲ။
ဒီအချက်တွေကို ပြုလုပ်ပေးမယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ စိတ်ပင်ပန်းနေတာတွေ၊ စိတ်ဖိစီးနေတာတွေကို လျှော့ချနိုင်မှာဖြစ်ပြီး အခက်အခဲတွေရှိနေပေမယ့်လည်း စိတ်ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေနိုင်ပါလိမ့်မယ်။
ဒီလိုမဟုတ်ပဲ စိတ်ပင်ပန်းနွမ်းနယ်နေမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ မရေရာမှုတွေကြောင့်ဖြစ်လာတဲ့ ပူပင်သောကတွေကို အတင်းအကျပ်ဖိသိပ်ပြီး ခံစားကာ ဖုန်းကွယ်နေဦးမယ်ဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
မကြာခင်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ပေါ်ထွက်လာတော့မှာပါ။ အလွန်နီးစပ်တဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်နေပါပြီ။ ကာကွယ်ဆေးတွေ ကုသဆေးတွေပေါ်ထွက်လာချိန်မှာ ကိုဗစ်လို ရောဂါကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့ပြီးမှာ နောက်ဆက်တွဲ စိတ်ထိခိုက်မှုတွေကို ခံစားရမယ်ဆိုရင် နစ်နာလှပါတယ်။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုးတွေကို ရှောင်လွှဲနိုင်ဖို့ စိတ်ငြိမ်းချမ်းအောင်၊ ပျော်ရွှင်အောင် ဂရုတစိုက်စောင့်ရှောင့်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းနေရတာပါ။
[covid_19]