ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေဟာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ကျွန်မတို့ မသိလိုက်တဲ့ အဖြစ်အပျက်တွေဟာ ထောင်သောင်းမကပါဘဲ။ အကြမ်းဖက်မှုလို့ဆိုရာမှာ
ကျား၊ မအခြေပြု အကြမ်းဖက်မှုများ၊ အိမ်တွင်း အကြမ်းဖက်မှုများစသဖြင့် အမျိုးအစား စုံလင်စွာ ရှိနေပါတယ်။ အကြမ်းဖက်ခံရသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲတွေအဖြစ် ခံစားနေကြရရှာပါတယ်။ ဆိုးကျိုးတွေထဲမှာ ကျန်းမာရေးဆိုးကျိုးတွေဟာ ထိပ်ဆုံးကပါ။ အသက် အရွယ်အလိုက် အကြမ်းဖက်မှုရဲ့ဒဏ်ကို ခံစားရပုံချင်း ကွာတာမို့ အောက်ပါအတိုင်း ဖော်ပြ ပေးလိုက်ရပါတယ်။
၁ နှစ်အောက် ကလေးငယ်တွေ၊ လမ်းလျှောက်တတ်ခါစ ကလေးလေးတွေ
ဒီအရွယ် ကလေးငယ်လေးတွေဟာ စကားပြောတတ်ဦးမှာ မဟုတ်တဲ့အတွက် သူတို့ခံစားနေရရှာတာကို ဖွင့်ဟပြောဖို့ ခက်ခဲပါတယ်။အကြမ်းဖက်မှု တစ်စုံတစ်ခုဟာ ကလေးငယ်လေးတွေကို ဦးတည်လာခဲ့မယ်ဆိုရင်တော့ ဒီလိုလက္ခဏာတွေ ထင်သာမြင်သာ တွေ့နိုင်မှာပါ။
- သာမန်ထက် ငိုယိုခြင်း၊
- စူးစူးဝါးဝါး ကြောက်လန့်စွာ အော်ဟစ်နေခြင်း၊ အမေ၊ အဖေ (သို့မဟုတ်) သူတို့ကို ထိန်းကျောင်းတဲ့ လူတွေကို သာမန်ထက် ကပ်တွယ်နိုင်ခြင်း၊ ကပ်မြှောင်နေခြင်း၊ မျက်စိအောက်က အပျောက်မခံတော့ခြင်း၊
- သူတို့အတွက် လုံခြုံစိတ်ချရမယ်လို့ (သူတို့ဖာသာ) ထင်မြင်ယူဆထားတဲ့နေရာ (ဥပမာ အိမ်၊ အိပ်ခန်းစတဲ့ နေရာတွေ)ကနေ ဘယ်ကိုမှ မသွားတော့ခြင်း၊
- အဲ့ဒီနေရာတွေမှာပဲ ကျောက်ချသလို နေနေခြင်း၊
- သိပ်ရခက်ခြင်း၊
- နှိုးရခက်ခြင်း၊
- အချိန်ကြာမြင့်စွာ အိပ်စက်နေခြင်း၊
- ယေဘုယျအားဖြင့် တွားသွားခါစ ကလေးလေးတွေဟာ တီတီတာတာနဲ့ စကားစပြောလာတဲ့အချိန်ဟာ အလွန် ချစ်စရာကောင်းတဲ့ကာလပါ။ စကားစမြည်ပြောရာကနေ ရုတ်တရက်နှုတ်နည်းသွားပြီး စကား မပြောတော့တဲ့အခါ ဒါကို သတိပြုစရာအချက်တစ်ချက်အဖြစ် သတ်မှတ်သင့်ပါတယ်။
- ဆီးမထိန်းနိုင်တော့ခြင်း၊
- ဆီးသွားတဲ့အခါမှာ အကျင့်တစ်ခု မွေးမြူပေးထားပြီးသား ကလေးငယ်တွေဟာ ရှူးရှူးမပေါက်ချတော့ပါဘူး။ ရှူးပေါက်ချင်လာတဲ့အခါ နည်းအမျိုးမျိုးနဲ့ မိဘကို အသိပေးတတ် ကြပါတယ်။ (ဥပမာ လက်ညှိုးထိုးတာ၊ မပီကလာပီကလာနဲ့ ‘ရှူရှူး’ လို့ ပြောတာ) ရှူးပေါက်ချတဲ့အကျင့် ပျောက်သွားရာကနေ ဆီးသွားချင်တဲ့အခါ မပြောတော့ဘဲ ရုတ်တရက် ပေါက်ချခြင်း၊
- ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ နှောင့်နှေးခြင်း
- လိင်ပိုင်း ဆိုင်ရာ အပြုအမူတွေကိုလည်း အရွယ်နဲ့မလိုက်စွာ စိတ်ဝင်စားလာခြင်း၊
- မိန်းမကိုယ်၊ စအိုမှာ အနာတွေ၊ ပြဲရာတွေနဲ့ စုတ်ပြတ်နေခြင်း၊ သွေးထွက်နေခြင်း၊
- လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရခြင်း (ဥပမာ-အိတ်ချ်အိုင်ဗွီ) စတဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့တကွ အထက်ပါ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားလာရမှာပါ။
အသက်၆ နှစ်မှ ၉ နှစ်အရွယ် ကလေးများ
ကလေးငယ်တွေရဲ့ အထက်ပါအချက်အလက်တွေ အပါအဝင် အောက်ဖော်ပြပါ ပြောင်းလဲမှုတွေပါ မြင်တွေ့ရမှာပါ။
- လူတွေကို အလိုလိုကြောက်လန့်နေခြင်း၊
- နေရာတစ်နေရာကို အလွန်အမင်း ကြောက်လန့်နေခြင်း၊
- ကလေးသေးသေးလေးတစ်ယောက်လို ပြန်လည်ပြုမူခြင်း (အိပ်ယာပေါ် သေးပေါက်ချခြင်း၊ မိဘကို အင်္ကျီဝတ်ခိုင်းခြင်း) ၊
- ရုတ်တရက်ကြီး ကျောင်းလုံးဝမသွားချင်တော့ခြင်း၊
- သူတို့လေးတွေရဲ့ လိင်အင်္ဂါကို ကြိမ်ဖန်များစွာ ကိုင်နေခြင်း၊
- မိသားစု၊ သူငယ်ချင်းတွေကို ရှောင်လွှဲနေခြင်း၊
- တစ်ဦးတည်း နေနေခြင်း
- မစားမသောက်တော့ခြင်း (သို့မဟုတ်) တစ်ချိန်လုံး တစ်ခုမဟုတ် တစ်ခု စားနေခြင်း၊
- ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်ဟု ပြောလာခြင်း၊
- လိင်အင်္ဂါကနေ ယားယံခြင်း၊ အရည်ထွက် လာခြင်း၊
- ထိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
အသက် ၁၀ နှစ်မှ ၁၈ နှစ် မြီးကောင်ပေါက် အရွယ်တွေမှာတော့
- ဝမ်းနည်းပူဆွေးနေမယ်၊
- ထုံထိုင်းမှုံမှိုင်းနေမယ်၊
- အိပ်မက်ဆိုးတွေမက်မယ်၊
- တစ်ချိန်လုံး အိပ်နေမယ် (ဒါမှမဟုတ်) ညမအိပ်တော့ဘူး၊
- ကျောင်းမှာ ပြဿနာတက်မယ်၊
- ကျောင်းမသွားချင်လို့ အမျိုးမျိုးအကြောင်းပြမယ်။
- စိတ်တိုလွယ်မယ်။
- ရွယ်တူသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမပြေလည်တော့ဘူး။
- ရန်ဖြစ်မယ်။
- လူကြီးသူမတွေကို မနာခံတော့ဘူး။ မလေးစားတော့ဘူး။
- မိသားစု သူငယ်ချင်းတွေကို အဆက်အသွယ်ဖြတ်မယ်၊
- မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ဆေးလိပ်တွေကို စတင်သုံးစွဲလာမယ်။ စွဲလမ်းလာမယ်၊
- မိမိကိုယ်ကို နာကျင်အောင် လုပ်မယ်။
- ကျောင်းစာတွေကို မလိုက်နာတော့ဘူး။ ကျောင်းကိစ္စတွေမှာ မပါဝင်ချင်တော့ဘူး။ အစားအသောက်ပျက်မယ်။
- မိမိ ကိုယ်ကို သတ်သေဖို့ တွေးလာမယ်။ ကြိုးစားလာမယ်။
- အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ ကြံရွယ်လာမယ် ။ အကြမ်းဖက်မှုတွေအကြောင်း ပြောလာမယ်။
- အကြမ်းဖက်ခံရခဲ့တာ တွေကို တနုံ့နုံ့ပြန်ခံစားနေရမယ်။
- မြီးကောင်ပေါက်အရွယ်ဟာ မျိုးပွားနိုင်တဲ့ အသက်အရွယ် အမျိုးအစားထဲဝင်ပြီမို့ မိန်းကလေးဆိုရင် မလိုချင်ဘဲ သက်ငယ်ကိုယ်ဝန် ရလာနိုင်ပါတယ်။
- နောက်ဆက်တွဲ အနေနဲ့တော့ ကိုယ်ဝန်ဖျက်ချမှုတွေ ကြုံလာတဲ့အခါ ပိုးဝင်ခြင်းနဲ့ အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
- ပါးစပ်နဲ့ လည်ချောင်းတွေမှာ သွေးခြေဥခြင်း၊
- ပြဲစုတ်ခြင်း၊ ပြတ်ရှဒဏ်ရာများ၊ မီးလောင် ဒဏ်ရာများ တွေ့ရှိရနိုင်ခြင်း၊
- အိတ်ချ်အိုင်ဗွီနဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါလက္ခဏာများ တွေ့ရှိရခြင်း
- ဟိုနားလိုလို၊ ဒီနားလိုလိုနဲ့ ခန္ဓာကိုယ်အနှံ့နာကျင်နေခြင်း၊ ယားယံနေခြင်း၊
- နေ့စဉ်လုပ်ငန်း ဆောင်တာများ မပြုလုပ်တော့ခြင်း၊
- အိပ်မပျော်တော့ခြင်း၊
- သွေးထွက်ဒဏ်ရာများ ၊ ကျိုးပဲ့ဒဏ်ရာ များကို ခံစားရခြင်း၊
- စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ခံစားရခြင်းတွေ တွေ့ရှိရတတ်ပါတယ်။
တကယ်လို့ အကြမ်းဖက်ခံရသူဟာ ယောကျ်ားလေးသာ ဖြစ်ခဲ့မယ်ဆိုရင်တော့
- ကောင်းမွန်စွာ မထိုင်နိုင်တော့ခြင်း၊
- ကျောအောက်ပိုင်း နာကျင်ဒဏ်ရာများ၊
- စအိုနာကျင်မှု ပြဿနာများ
- မည်သူ့ကိုမှ ကောင်းမွန်စွာ မျက်လုံးအကြည့်ချင်း မဆုံနိုင်တော့ခြင်း၊
- ဒေါသထွက်လွယ်ခြင်း၊ စိတ်ဆတ် လွယ်ခြင်း၊
- ယောကျ်ားအချင်းချင်း အလွန်အမင်း ကြောက်လန့်နေခြင်း၊ အမြဲလိုလိုမျက်လုံး ကစား နေခြင်း (ကျီးကန်းတောင်းမှောက် ကြည့်ခြင်း)၊
- လိင်ကိစ္စမှာ လုံးဝဥဿုံ စိတ်မဝင်စားတော့ခြင်း၊
- လိင်ဆက်ဆံဖို့ ငြင်းဆန်လာခြင်း၊ အခြားသူတွေနဲ့ မရောနှောခြင်း၊
- မိမိကလေးတွေကိုပါ စကား မပြောတော့ခြင်း၊ မပတ်သက်တော့ခြင်း၊
- လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ ရှောင်ခွာလာခြင်းတွေ ခံစားလာရတတ်ပါတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရဲရင့်ရမယ်၊ ခံနိုင်ရည်ရှိရမယ် စတဲ့မွေးရာပါ ခံယူချက်တွေကြောင့် အကြမ်းဖက်မှု တစ်စုံတစ်ရာနဲ့ ကြုံတွေ့လာတဲ့အခါ ထုတ်ပြောဖို့၊ အကူအညီတောင်းဖို့ သိပ်မစဉ်စားတတ်ကြပါဘူး။ ရှင်းရှင်းပြောရရင်တော့ ‘ယောကျာ်းတန်မဲ့’ အကူအညီတောင်းရမှာ ရှက်လို့ပါ။ နောက်တစ်ခု စဉ်စားရမှာက အမျိုးသမီးတွေသာ အကြမ်းဖက်ခံရတာမဟုတ်ပါဘူး။ အကြမ်းဖက်ခံရခြင်းဟာ အမျိုးသားတွေမှာလည်း ရှိနိုင်ပါတယ်။
အိတ်ချ်အိုင်ဗွီ ရောဂါပိုးနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ အသက်အရွယ် အကုန်လုံးမှာ ဖြစ်ပွားနိုင်တဲ့ လိင်အကြမ်းဖက်မှုရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာကြီးတွေ ဖြစ်တယ်ဆိုတာ သတိမူမိစေချင်ပါတယ်။
အကြမ်းဖက်မှုတွေ ကြုံတွေ့လာခဲ့ရင် အသက်အရွယ်အလိုက် ဖြစ်ပွားတတ်တဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။
ကမ္ဘာနဲ့အဝှမ်းအကြမ်းဖက်မှုတွေ ပပျောက်ပါစေလို့ ဆန္ဒပြုရင်း ——————–
ရေးသားသူ-ဒေါက်တာမှူးခင်