
အထီးကျန် သိမ်ငယ်မှုများစွာရယ်…မင်းမရှိတဲ့ရက်တွေထဲ ငါတစ်ယောက်တည်းအားတွေငယ်…
လူကြိုက်များတဲ့ စိုင်းစိုင်းသီချင်းကို ခံစားချက်အပြည့်နဲ့ လိုက်ဆိုမိသူတွေအများကြီးရှိမှာပါ။ မှန်ပါတယ်။ အထီးကျန်စိတ်ဝင်နေပြီဆိုတာနဲ့ အားငယ်လာတာ၊ ဝမ်းနည်းလာတာ၊မျှော်လင့်ချက်မဲ့လာတာ၊ပျော်စရာကင်းမဲ့လာတာမျိုး ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့် အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် အခုထိ မစွံသေးတဲ့ FAတွေဖြစ်ဖြစ် အဖီးလ်တစ်လိုင်းဘဝမှာ ပျော်မွေ့မနေဘဲ အထီးကျန်စိတ်ကို တတ်နိုင်သလောက် ဖြေဖျောက်သင့်ပါတယ်။
ဘာလို့လဲသိလား။ အထီးကျန်ခြင်းက စိတ်ထိခိုက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ပါပဲ။ ကျန်းမာရေးကို ဘယ်လိုထိခိုက်လာနိုင်လဲ ကြည့်ရအောင်။
အထီးကျန်ဝေဒနာအချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားနည်းစေနိုင်ပါတယ်။ ရောဂါတွေကိုတိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းတွေထုတ်ပေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိဖြစ်လာနိုင်ပါတယ်။