မိသားစုတွေမှာ ကလေးတွေကကျောင်းတက်၊ ကျူရှင်တက်၊ သင်တန်းတက်ရ၊ လူကြီးတွေက အလုပ်ကိုယ်စီသွားရတဲ့အခါတွေ့ဆုံချိန်ကနည်းလာပါတယ်။ ဒီကြားထဲ အိမ်မှာရှိတဲ့အချိန်လေး နားချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်း စတဲ့ အိုင်တီအသုံးအဆောင်တွေကို အချိန်ပေးလာကြတာကြောင့် မျက်နှာစုံညီထမင်းစားဖို့တောင်ခက်တဲ့ မိသားစုတွေရှိလာပါတယ်။
နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ မိသားစုကြားမှာ ဂရုစိုက်မှုတွေ၊ ချစ်ခင်မှုတွေလျော့သလိုဖြစ်လာရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာစေပြီး မိသားစုသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သာယာတဲ့မိသားစုတွေဖြစ်လာစေဖို့နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့လိုပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ဂရုစိုက်ထိန်းညှိသင့်ပါတယ်ဆိုတာ ဒီ ၉ ချက်ကို လေ့လာပြီး ပြန်စဉ်းစားကြည့်ပါ။
ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာပြက္ခဒိန်ကပ်ထားပေးပြီးနောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကိုနောက်ရွှေ့သင့်ရွှေ့ပါ။ အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲနေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊နဲ့တခြားပစ္စည်းအသုံးအဆောင်တွေကို ချို့တဲ့သူတွေဆီပေးလှူလိုက်ရင် ကုသိုလ်လည်းရ၊ ပတ်ဝန်းကျင်လည်းသန့်ရှင်း၊ ရှင်းရလင်းရ ထိန်းသိမ်းရတဲ့အချိန်လည်းအကုန်သက်သာတာကြောင့် မိသားစုရဲ့အားလပ်ချိန်၊ပျော်ရွှင်ချိန်ပိုများစေပါတယ်။
ဒီနေ့ခေတ် ကလေးအများစုက မိသားစုထမင်းဝိုင်းရဲ့အဓိပ္ပါယ်ကို မသိကြပါဘူး။ စားပွဲမှာအတူထိုင်ပြီး ထမင်းတစ်နပ်စားရုံပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းမှာ မျက်နှာစုံညီထမင်းစားဖြစ်ရင် စကားစမြည်ပြောဆိုမိကြမယ်၊ ရင်းနှီးချစ်ခင်မှုတွေတိုးမယ်၊ အဲဒီတော့မှပျော်ရွှင်ကျန်းမာတဲ့ မိသားစုတွေဖြစ်လာမှာပါ။ ထမင်းစားရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောပြကြ၊ နားထောင်ပေးကြ၊ မိဘတွေက အကြံပြုအားပေးပြီး သွန်သင်ဆုံးမရင်း ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်လာစေမှာပါ။ ဒါ့ကြောင့် ညစာအတွက် မဖြစ်နိုင်ရင်တောင် ပိတ်ရက်မှာ ထမင်းဝိုင်းမှာလူစုံဖို့ ကြိုးစားစီစဉ်ပါ။
(၃) အိမ်အလုပ်တွေကို အတူလုပ်ပါ
အိမ်မှာလုပ်ရတဲ့ တချို့ဗာဟီရကိစ္စတွေက အဖွဲ့လိုက်လုပ်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ မိသားစုဘဝဆိုတာ အချင်းချင်းရိုင်းပင်းကူညီပြီး ချစ်ခင်စောင့်ရှောက်ရမှာပါ။ အိမ်မှုကိစ္စတွေ အတူဝိုင်းလုပ်တာ၊ ဟင်းအတူချက်တာတွေက တာဝန်ယူစိတ်ရှိအောင်၊ သိတတ်တဲ့စိတ်ရှိအောင် သင်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
(၄)ကျောင်းစာ ကူစစ်ပေးပါ
ကလေးတွေကို စာလုပ်ပါ၊စာလုပ်ပါ နဲ့ သူ့ဘာသာချည်းပဲ စာမလုပ်ခိုင်းပါနဲ့။ မိဘတွေကလည်း ဝင်ကြည့်ပေး၊ သင်ပြပေး၊ စာစစ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးနဲ့အတူ စာလုပ်ပေးတာက ပညာရေးအဆင်ပြေမပြေ၊ပြဿနာရှိမရှိကိုလည်း သိနိုင်ပြီး အတူရှိချိန်လည်း ပိုရစေပါတယ်။
(၅) ဂိမ်းအတူကစားပေးပါ
နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ဂိမ်းမကြိုက်တဲ့ကလေး မရှိပါဘူး။ ဂိမ်းကစားချိန်၊တီဗီကြည့်ချိန်ကန့်သတ်ထားသင့်တယ်ဆိုပေမယ့် ကစားခွင့်ပြုထားတဲ့အချိန်မျိုးမှာ ကလေးနဲ့အတူ ဝင်ကစားပေးပါ။ မိသားစုအတူကစားလို့ရတဲ့ ဒိုးဆက်၊ မိုနိုပိုလီတို့လို အငြိမ်ကစားနည်းတွေ ကစားလို့ရသလို တီဗီဂိမ်းပြိုင်ကစားရင်း ကျန်တဲ့သူတွေက အားပေးကြတာမျိုး အားလုံးစည်းစည်းလုံးလုံးပျော်ရွှင်လို့ရပါတယ်။
(၆) မိသားစုအတူ တက်ကြွလှုပ်ရှားမှုဖန်တီးပါ
Gym သွားတာ၊ မနက်ပိုင်း သူငယ်ချင်းတွေနဲ့ အပြေးအားကစားလုပ်တာတွေအစား မိသားစုအတူ အားကစားလုပ်ပါ။ဘေ့စ်ဘောကစားတာ၊ မနက်ခင်း လမ်းလျှောက်ထွက်တာ၊ စားပွဲတင်တင်းနစ်ရိုက်တာလိုမျိုး လှုပ်ရှားမှုတွေကို မိသားစုလိုက်လုပ်လို့ရပါတယ်။
(၇) ညဘက်အပြင်သွားတာ
တစ်ပတ်ကို တစ်ကြိမ်လောက် မိသားစုလိုက်ညဘက်အပြင်သွားပါ။ သွားမယ့်ရက်ကို ကြိုသတ်မှတ်ထားပြီး ဘာကိစ္စကြောင့်မှ အပျက်မခံပါနဲ့။ အရေးကြီးပါတယ်။ ကလေးတွေက သွားဖို့တွေးပျော်ထားပြီးမှ ပျက်သွားရင် စိတ်မကောင်းဖြစ်တတ်ပါတယ်။ ညဘက် ဘုရားသွားတာမျိုး၊ ဆိုင်ကောင်းကောင်းမှာညစာစားတာမျိုးပျော်စရာကောင်းအောင် လုပ်ပေးပါ။ ဘယ်သွားချင်လဲ ဘာစားချင်လဲ တစ်ဦးချင်းရဲ့အကြံဉာဏ်ကိုဆွေးနွေးပါ။
(၈) အားလပ်ရက်မှာ မိသားစုလိုက် ခရီးထွက်ပါ
မိသားစုလိုက် အားလပ်ရက်ခရီးလေးတွေ အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ်တော့သွားပေးပါ။ ကလေးတွေရဲ့ငယ်ဘဝမှာ အမှတ်တရကောင်းတွေကျန်ရစ်ခဲ့စေဖို့၊ပျော်စရာအချိန်ကာလတွေ အတူကုန်ဆုံးဖို့ ခရီးသွားပါ။
(၉)ပျော်ပွဲစားထွက်ပါ
ခရီးရှည်မသွားနိုင်ရင် စားစရာကောင်းကောင်းစီစဉ်ချက်ပြုတ်ပြီး ကလေးတွေနဲ့အတူပျော်ပွဲစားထွက်ပါ။ ကစားကွင်း၊ ပန်းခြံ အတူသွားကြတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းသွားဆိုတာတွေ လုပ်လို့ရပါတယ်။ အလုပ်တာဝန်၊ကျောင်းတာဝန်တွေ ခဏတာမေ့ပြီး မိသားစုအတူပေါ့ပေါ့ပါးပါးပျော်ရွှ့င်နိုင်မှာပါ။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။