brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သောကများရင် ရောဂါပွားမယ်

“သောကများမနေစမ်းပါနဲ့” လို့ မိတ်ဆွေအပေါင်းအသင်း အချင်းချင်းပြောလေ့ပြောထရှိတယ်မဟုတ်လား။ တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။ ပူပင်သောကများတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။

သောကများရင် ရောဂါပွားမယ်

Anxiety လို့ခေါ်တဲ့ ပူပင်သောကများတာဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဘဝတစ်သက်တာလုံးကို ဒုက္ခပေးနိုင်တဲ့ဝေဒနာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သောကများတယ်ဆိုတဲ့စကားကို မကြာခဏကြားနေကြဖြစ်နေတာမို့သာ သိပ်ပြီးကြောက်စရာမကောင်းလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဒီပြဿနာကအတော်လေး လူကို ဒုက္ခပေးနိုင်ပါတယ်။

သောကများတဲ့လူတွေဟာ ဘဝတန်ဖိုးလျော့ကျပြီး စိတ်ရောကိုယ်ပါထိခိုက်နိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ တချို့သောဝေဒနာတွေဟာ အလွန်ပြင်းထန်တဲ့ရောဂါတွေဖြစ်တာမို့ မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်ဟာ ပူပင်သောကတွေဖိစီးလာပြီဆိုရင် ခန္ဓာကိုယ်မှာ အောက်ပါ သက်ရောက်မှုတွေ ရှိလာတာ့မှာဖြစ်ပါတယ်။ ဒါတွေကတာ့

Generalized anxiety disorder (GAD)

GAD ဆိုတာ စိုးရိမ်သောကလွန်ရောဂါဖြစ်ပါတယ်။ သာမန် စိုးရိမ်ပူပန်ပြီး သောကပွားတတ်တဲ့အဆင့်ကနေ ရောဂါအဆင့်ကို ကူးပြောင်းသွားတာပါ။ ဒီလိုဖြစ်သွားတဲ့ဝေဒနာသည်တွေအများအပြားရှိနေပြီးတော့ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ၆.၈ သန်းလောက်ရှိတယ်လို့ The Anxiety and Depression Association of America (ADAA) က ဆိုထားပါတယ်။

Social anxiety disorder

လူတောတိုးဖို့ ကြောက်နေ၊ ပူပင်နေတတ်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ လူရှေ့သူရှေ့ထွက်ဖို့၊ လူတွေနဲ့ ဆက်ဆံပြောဆိုဖို့ ကြုံဆုံလာတိုင်း ပြင်းထန်စွာတုန်လှုပ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမရတော့တဲအထိ စိတ်ဖိစီးမှုခံရလေ့ရှိပါတယ်။ GAD ထက် ၂ ဆလောက်ပိုအဖြစ်များပါတယ်။

Post-traumatic stress disorder (PTSD)

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါကတော့ စိတ်ထိခိုက်စရာ၊ ဒါမှမဟုတ် စိတ်နာကျင်စရာ အဖြစ်အပျက်တစ်ခုခုကို ကြုံဆုံရပြီးချိန်မှာဖြစ်တဲ့ ပြဿနာတစ်မျိုးပါ။ ပူပင်သောကများခြင်းကြောင့် PTSD လည်းဖြစ်နိုင်ပါတယ်။

Obsessive-compulsive disorder (OCD)

OCD ဆိုတာ အစွဲအလမ်းလွန်စိတ်ဝေဒနာဖြစ်ပါတယ်။ တစ်စုံတစ်ခုကို အလွန်အမင်းစွဲလမ်းလွန်းနေတတ်တာမျိုးပါ။ ဒါကြောင့် မရမှာ၊ လက်လွှတ်ဆုံးရှုံးရမှာကို ကြောက်ရွံ့စိတ်နဲ့ သောကပွားနေတတ်ပါတယ်။

Phobias

ဖိုဘီးယားလို့ခေါ်တဲ့ ကြောက်ရွံ့စိတ်တွေက အမျိုးမျိုးရှိပြီးတော့ ပူပင်သောကတွေနဲ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။

Panic disorder

ရုတ်တရက်ထိတ်လန့်စရာတွေ ကြုံမှသာမကပါဘူး အဆက်မပြတ် ပူပင်သောကများနေပြီဆိုရင် Panic disorder ဖြစ်ဖို့ အလွန်နီးစပ်သွားတတ်ပါတယ်။ ဒီပြဿနာက နှလုံးကိုလည်း ထိခိုက်နိုင်ပါတယ်။

ဗဟိုအာရုံကြောမကြီးထိခိုက်ခြင်း

ပူပင်သောကများတာက စိတ်ပိုင်းတင်မကပါဘူး။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်စေပါတယ်။ ပူပင်သောကများနေချိန်မှာ စိတ်ဖိစီးမှုဟိုမုန်းတွေ အမြောက်အများထုတ်လုပ်တာကြောင့် ခေါင်းကိုက်တာ၊ အသက်ရှူကျပ်တာတွေဖြစ်စေသလို အာရုံကြောတွေကိုလည်း လုပ်ဆောင်ချက် လွဲမှားစေတတ်ပါတယ်။

နှလုံးနှင့်သက်ဆိုင်သော ဝေဒနာများ

ပူပင်သောကများခြင်းဟာ နှလုံးပျက်စီးတာ၊ နှလုံးဖောက်ပြန်တာတွေဖြစ်ဖို့ တွန်းအားပေးပါတယ်။ အချိန်ကြာကြာ ပူပင်သောကများလေလေ နှလုံးရောဂါဖြစ်ဖို့ နီးစပ်လေလေပါပဲ။

အစာခြေစနစ်ကို နှောင့်ယှက်ခြင်း

စိတ်ထဲမှာ တွေးပူနေတာမျိုးမို့ အစာအိမ်နဲ့ ဘာမှသက်ဆိုင်စရာမရှိဘူးလို့ မထင်ပါနဲ့။ စိတ်ညစ်နေရင် အစာစားချင်စိတ်ပျောက်သွားတာ၊ ဒါမှမဟုတ် ဗိုက်မဆာပဲ အဆက်မပြတ် စားမိနေတာမျိုးတွေ ဖြစ်တတ်တယ်မဟုတ်လား။ သောကများတာက အစာခြေစနစ်ကိုလည်း သက်ရောက်ပါတယ်။ ဗိုက်အောင့် ဗိုက်နာတာနဲ့ အော့အန်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားနစ်ကို ပျက်ယွင်းစေခြင်း

သောကများတာကြောင့် စိတ်ဖိစီးမှုတွေပိုများပြီး ခန္ဓာကိုယ်ကို အကျိုးမဖြစ်ထွန်းစေတဲ့ အေဒရီနယ်လင်းလို ဟိုမုန်းတွေ ပိုမိုထွက်ရှိစေပါတယ်။ ဒီအရာတွေက ကိုယ်ခန္ဓာကြီးကို ရောဂါဘယဘေးကနေ ကာကွယ်ပေးထားတဲ့ ကိုယ်ခံအားစနစ်ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းနေသူတွေ၊ စိတ်ဖိစီးနေသူတွေနဲ့ ပူပန်နေတတ်သူတွေဟာ ကျန်းမာရေးပိုချူခြာတတ်တာပါ။ ဒါကြောင့်လည်း ခုလို COVID-19 ကာလမျိုးမှာ ပူပင်သောကတွေကင်းဝေးအောင် စိတ်ဖိစီးမှုနည်းအောင် နေဖို့လိုအပ်တယ်လို့ WHO က တိုက်တွန်းထားတာဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းပြဿနာ

အသက်ရှူရခက်တာ၊ နာတာရှည်ချောင်းဆိုးတာတွေပိုဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ်ပျက်ယွင်းတာနဲ့ ဆက်စပ်နေတတ်ပါတယ်။

တခြားကျန်းမာရေးပြဿနာများ

ဒါတွေတင်မကပါဘူး။ တခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်ရဦးမှာပါ။ အောက်ပါ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကလည်း စိတ်ပူပင်သောကများတာနဲ့ ဆက်စပ်နေပါတယ်။

ဒါကြောင့်လည်း ပူပင်သောကတွေ ကင်းဝေးအောင် နေထိုင်ဖို့ လူကြီးသူမတွေက ဆုံးမကြတာဖြစ်ပါတယ်။

အရာရာကို တွေးတောပူပင်ပြီး သောကပွားနေတတ်သူတွေအတွက် ကြာလာရင် Generalized anxiety disorder ဆိုတဲ့ စိုးရိမ်သောကများတဲ့စိတ်ဝေဒနာအဆင့်ကို ရောက်သွားနိုင်သလို တခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ကြုံဆိုင်ရနိုင်တာမို့ ပူပင်သောကကင်းဝေးအောင် ဂရုစိုက် နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 21/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။