brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ

ဆေးလိပ်ဘာကြောင့် ဖြတ်သင့်တာလဲ

သင့်အသက် ဘယ်လောက်ပဲရှိနေနေ၊ ဆေးလိပ်သောက်ခဲ့တာ ဘယ်လောက်ပဲကြာခဲ့ကြာခဲ့၊ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် သင့်အသက်ကို ပိုရှည်စေပြီး၊ ပိုပြီးကျန်းမာစေမှာ သေချာပါတယ်။ အသက် ၅၀ မတိုင်ခင် ဆေးလိပ်ဖြတ်လိုက်သူတွေဟာ နောက် ၁၅နှစ်အတွင် သေဆုံးနိုင်ချေကို ထက်ဝက်အထိ လျှော့ချလိုက်နိုင်တာကို တွေ့ရပါတယ်။

ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ

ဆေးလိပ်ဖြတ်လိုက်သူတွေဟာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ကြရတယ်

သူတို့မှာ နှာစေးအအေးတာမျိုး၊ လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်တတ်ပေမယ့်လည်း ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး ကျန်းမာကြပါတယ်။

များပြားလှတဲ့ တွေ့ရှိချက်တွေအရ

• ဆေးလိပ်ဖြတ်ခြင်းက ယောကျာ်းမိန်းမ မရွေး၊ အသက်အရွယ်မရွေး၊ ကြီးမားတဲ့ အကျိုးအကျေးဇူးတွေကို ချက်ချင်းရစေပါတယ်။ ဆေးလိပ်နဲ့ ဆက်နွယ်တဲ့ ရောဂါတစ်ခုခု ရှိနေသည်ဖြစ်စေ၊ မရှိသေးသည်ဖြစ်စေ အဲဒီအကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။

• ဆေးလိပ်ဖြတ်လိုက်သူတွေက ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး အသက်ရှည်ကြပါတယ်

• ဆေးလိပ်ဖြတ်လိုက်ခြင်းက အဆုတ်ကင်ဆာ၊ အခြားသောကင်ဆာတွေ၊ နှလုံးထိခိုက်နိုင်ချေ၊ လေဖြတ်ခြင်းနဲ့ နာတာရှည်အဆုတ်ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်

• ကိုယ်ဝန်မဆောင်ခင်၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိစ ၃-၄လအတွင်း ဆေးလိပ်ဖြတ်လိုက်သူတွေရဲ့ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားနိုင်ချေဟာ ဆေးလိပ်တစ်ခါမှ မသောက်ဖူးတဲ့သူတွေအတိုင်း ဖြစ်သွားပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ၁၀ပေါင်လောက် နည်းနည်းဝလာလို့ ဖြစ်လာမယ့်ပြဿနာ၊ ဆေးလိပ်ဖြတ်လိုက်လို့ ဖြစ်လာမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ယှဉ်လိုက်ရင် အများကြီး ပိုသာတာကို တွေ့ရပါတယ်။

ဘယ်အချိန် ဆေးလိပ်ဖြတ်သင့်လဲ။ အချိန်နဲ့အမျှ ရလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ။

ဆေးလိပ်ဖြတ်လိုက်ပြီး မိနစ် ၂၀နေတာနဲ့ သင့်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကျသွားပါလိမ့်မယ်။ ၁၂နာရီနေရင် သွေးထဲက ကာဗွန်မိုနောက်ဆိုက်ဒ်က ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ ၂ပတ်ကနေ ၃လကြာရင်တော့ သင့်ရဲ့ သွေးလည်ပတ်မှုတွေ ပိုကောင်းလာပြီး အဆုတ်ရဲ့လုပ်ဆောင်မှုတွေလည်း တိုးတက်လာပါလိမ့်မယ်။

၁လကနေ ၉လအကြာမှာတော့ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေ သက်သာလာမယ်။ အဆုတ်ထဲက ချွဲတွေကို စွန့်ထုတ်ပေးတဲ့ အမွှေးလေးတွေ ပုံမှန်ပြန်အလုပ်လုပ်လာမယ်၊ ချွဲတွေကို စွန့်ထုတ်လာနိုင်တာကြောင့် အဆုတ်ပိုသန့်လာမယ်၊ ရောဂါပိုးကူးစက်ခံရမှု နည်းလာမယ်။

၁နှစ်နောက်ပိုင်းမှာတော့ နှလုံးသွေးကြောကျဉ်းရောဂါ ရနိုင်ချေက ဆေးလိပ်ဆက်သောက်နေသူထက်စာရင် တစ်ဝက်တိတိ လျော့သွားမယ်။ ၅နှစ်အကြာမှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်နဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ချေ တစ်ဝက်လျော့သွားမယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေက ဆေးလိပ်မသောက်သူတွေအတိုင်း ဖြစ်သွားမယ်။ လေဖြတ်နိုင်ချေကလည်း အဲဒီအတိုင်းပဲ ၂နှစ်ကနေ ၅နှစ်အတွင်း ဖြစ်သွားမယ်။

၁၀နှစ်ကြာရင် ဆေးလိပ်ဆက်သောက်နေသူထက် အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးနိုင်ချေ တစ်ဝက်လျော့သွားမယ်။ အသံအိုးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ချေနည်းသွားမယ်။

တခြားအကျိုးကျေးဇူးတွေကတော့ ဆီးချိုဖြစ်နိုင်သွားမယ်။ သွေးကြောတွေ အလုပ်ပိုလုပ်လာမယ်။ နှလုံးနဲ့အဆုတ်လည်း အားကောင်းလာမယ်။ ငယ်ငယ်ရွယ်ရွယ်မှာ ဖြတ်လိုက်နိုင်ရင် အကျိုးကျေးဇူးပိုများပေမယ့် ဘယ်အရွယ်မှာဖြတ်ဖြတ် များပြားလှတဲ့အကျိုးကျေးဇူးတွေ ရမှာ အသေအချာပါပဲ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။