brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့နံတာ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

ချိုင်းချွေးနံ့ကို သဘာဝအတိုင်း ပျောက်အောင်လုပ်ပေးမယ့် နည်းလမ်းများ ။ ။

( ၁ )မုန့်ဖုတ်ဆော်ဒါ ။ ။

အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။

လုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး သံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင်ရေပြန်ဆေးချပါ။

( ၂ )ပန်းသီးရှာလကာရည် ။ ။

ဒီ အက်ဆစ်ဓါတ်ရှိတဲ့ ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့ pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။

လုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေနဲ့ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာ ချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ ပြီးမှ ရေချိုးပါ။

( ၃ ) အရက်ပြန်။ ။

အရက်ပြန်ဟာ ဘက်တီးရီးယားပိုးတွေကိုသေစေပြီး ချွေးပေါက်ကိုကျဉ်းစေတဲ့ အာနိသင်ရှိတာကြောင့် ချိုင်းချွေးထွက်များခြင်းနဲ့ ချွေးနံ့နံခြင်းကို သက်သာစေမှာပါ။ ဒါ့ကြောင့် ချိုင်းကို အရက်ပြန်လေးသုတ်လိမ်းပေးလည်းရပါတယ်။ ထိခိုက်ရှနာတွေ ရှိရင်တော့ အရေပြားစပ်တတ်တာကြောင့် သတိတော့ထားပါ။

( ၄ ) သံပရာသီး ။

သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်က ဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင် သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမည်းနေတာလည်း သက်သာစေဦးမှာပါ။

လုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။

( ၅ ) ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ ။

ချိုင်းမွေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေ ပိုခိုအောင်းလို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။

ကဲ ဒီလို အကုန်အကျလည်းသက်သာ အာနိသင်လည်းစွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ ။ ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။