brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

အနံ့ဆိုးတစ်ခုရလိုက်တာနဲ့ ငါ့ခြေထောက်က ထွက်နေတာများလားဆိုပြီး စိတ်ပူနေမိပြီလား။ ခြေထောက်အနံ့ ဆိုးထွက်တာကတော်တော်လေးကို ကသိကအောက်ဖြစ်နေစေပြီလား။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ ဆက်ပြီး လက်ခံထားနေရတာဆိုရင်တော့ အခုပဲ လက်ပြနှုတ်ဆက်လိုက်ပါတော့။

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

ခြေထောက်အနံ့ ဆိုးထွက်ခြင်း

ခြေထောက်အနံ့ဆိုးထွက်တာကို ဆေးပညာအရ (Bromodosis) လို့ခေါ်ပါတယ်။ ခြေထောက်အနံ့ဆိုးထွက်ရတဲ့ အဓိကအကြောင်းအရင်းကခြေထောက်မှာချွေးတွေအရမ်းထွက်တာကြောင့်ပါ။ ခြေထောက်ချွေးထွက်များတာရဲ့ ရလဒ်ကခြေထောက်အရေပြားမှာ ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်တာ၊ မှိုပိုးတွေပေါက်ဖွားရှင်သန်တာကိုဖြစ်စေပြီးခြေထောက်အနံ့ဆိုးဖြစ်စေတာပါ။

ခန္ဓာကိုယ်ပေါ်မှာ ချွေးဂလင်းပေါင်း ၄ သန်းကနေ ၅သန်းအထိရှိနေပြီးခြေထောက်မှာတော့ ချွေးဂလင်း၂၅၀၀၀၀ ရှိနေပါတယ်။ တစ်နေ့တာမှာ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးပမာဏရဲ့ ထက်ဝက်နီးပါးကခြေထောက်ကနေထွက်တာပါ။ ခြေထောက်ကချွေးထွက်များလေလေ ဘက်တီးရီးယားတွေပျော်လေလေ၊ အနံ့ဆိုးဖြစ်နိုင်ခြေများလေလေပါ။

ဒါတွေကြောင့် ခြေထောက်ချွေးထွက်ရတာပါ

ခြေထောက်ကို ချွေးထွက်စေရတဲ့ အကြောင်းအရင်းတွေက

ခြေထောက်အနံ့ ဆိုးကင်းစေဖို့

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခြေထောက်အနံ့ ဆိုးဖြစ်တာကို ကာကွယ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

နေ့စဉ်ခြေထောက်ကို သန့်စင်ဆေးကြောပါ

ခြေထောက်ကို နေ့စဉ်ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ဆပ်ပြာ (antibacterial soap) နဲ့ သန့်စင်ဆေးကြောပေးပါ။ ဒီလိုလုပ်ပေးတာကခြေထောက်ညစ်ပေတာ၊ ခြေထောက်ချွေးထွက်တာတွေကြောင့်ဖြစ်တဲ့ အနံ့ဖြစ်ပေါ်တာကို သက်သာစေနိုင်ပါတယ်။

ခြေထောက်ကို ခြောက်သွေ့အောင်ထားပါ

ခြေထောက်ကို ဆေးကြောသန့်စင်ပြီးချိန်တိုင်း၊ ဖိနပ်စီးခါနီးတိုင်းမှာခြောက်သွေ့အောင်လုပ်ဖို့မမေ့ပါနဲ့။ ခြေထောက်ကိုခြောက်သွေ့အောင်ထားတာက အနံ့ဆိုးကို ကာကွယ်တာပါပဲ။

ခြေထောက်ကို ပေါင်ဒါလိမ်းပေးပါ

ခြေထောက်ကို ဆေးကြောသန့်စင်ပြီးတဲ့အခါတိုင်းမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးပေါင်ဒါတွေကို သုံးပေးဖို့ပါ။ ခြေထောက်ကိုခြောက်သွေ့နေစေပြီးချွေးထွက်တာကို ထိန်းညှိပေးနိုင်တဲ့အပြင်ခြေထောက်အနံ့ဆိုးကို ကာကွယ်ပေးနိုင်မှာပါ။

အရက်ပြန်ဂွမ်းသုံးပါ

ခြေထောက်ကို အရက်ပြန်ဂွမ်းနဲ့ သန့်စင်တာကချွေးပေါက်တွေကို ယာယီပိတ်စေနိုင်သလိုချွေးထွက်တာကိုခေတ္တလောက်တော့ တားဆီးပေးနိုင်မှာပါ။ ဖိနပ်မစီးခင်မှာခြေထောက်ကို အရက်ပြန်ဂွမ်းစလေးနဲ့ပွတ်တိုက်သန့်စင်ပေးပါ။ အသားခြောက်နိုင်တာကိုတော့ သတိထားပေးပါ။

ခြေထောက်ကို ဆားရည်စိမ်ပေးပါ

ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ဆားရောစပ်ထားတဲ့ရေထဲမှာ ၁၀မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးတာကလည်းခြေထောက်အနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

ဖိနပ်မှာ မုန့်ဖုတ်ဆော်ဒါဖြူးပေးတာ ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ခြေထောက်မြုပ်ရုံရေပမာဏလောက်နဲ့ရောစပ်ပြီး တစ်နေ့ကို တစ်ကြိမ်ခြေထောက်ကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ခြေထောက်အနံ့ဆိုးကို သက်သာစေမှာပါ။

အုန်းဆီ

ခြေထောက်ကို အုန်းဆီလူးပေးတာကလည်း ခြေထောက်အနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီစစ်စစ်လေးကို လက်ဖဝါးထဲထည့်လို့ ခြေထောက်ကို လူးပြီး နှိပ်နယ်ပေးလိုက်ပါ။ ညမအိပ်ခင် လိမ်းပေးပြီး မနက်ခင်းမှာသေချာပြောင်စင်နေအောင်ဆေးကြောသန့်စင်လိုက်ပါ။

ခြေထောက်အနံ့ဆိုးတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။ အခုပြောခဲ့တဲ့ နည်းလေးတွေသုံးလို့ ခြေထောက်အနံ့ဆိုးဖြစ်မှုကို ဟန့်တားလိုက်ပါ……………..

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/07/2022 ဖြစ်ပါသည်။