ဓါတုပစ္စည်း လောင်တာမျိုးကဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့အခါမျိုးမှာလည်း ဓါတုပစ္စည်းလောင်တာမျိုးဖြစ်နိုင်ပါတယ်။ ဓါတုပစ္စည်းတွေလောင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှုးတွေပျက်စီးနိုင်ပါတယ်။ ဓါတုပစ္စည်းလောင်တာကိုနေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ကျောင်းတွေမှာလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာ နဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓါတုပစ္စည်းလောင်တာမျိုးခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်တာကိုပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီးဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။
အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေလောင်တဲ့အခါ
ဒါပေမယ့်ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ဓါတုပစ္စည်းတွေလောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးမယ်နော်။
ဒီအချက်တွေကြောင့် ဓါတုပစ္စည်းတွေ လောင်တာမျိုးဖြစ်နိုင်ပါတယ်
နေ့စဉ်အိမ်သန့်ရှင်းဖို့သုံးနေတဲ့အရာတွေ နဲ့ အမျိုးမျိုးသောပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေ အသုံးပြုနေတဲ့အရာတွေကြောင့် ဓါတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။
- အစွန်းချွတ်ဆေးတွေ
- ဘိလပ်မြေ
- အိမ်သာသန့်စင်ဆေးရည်တွေ
- သံသတ္တုတွေကိုချေးချွတ်ရာမှာသုံးတဲ့ဆေးရည်တွေ
- ရေကူးကန်သန့်ရှင်းရေးအတွက်သုံးတဲ့ဆေးရည်တွေ
- ဘက်ထရီအက်ဆစ်
- ဓါတ်မြေသြဇာ
- တင်ဒါဆေးရည် လိုမျိုးအရာတွေကြောင့် အရေပြားမှာလောင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ဓါတုပစ္စည်းတွေလောင်တဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေက
များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်ကျွမ်းတာက မျက်နှာ၊ မျက်လုံး၊ လက်မောင်း နဲ့ခြေတွေလက်တွေမျာ အဖြစ်များပါတယ်။ အချို့သောပစ္စည်းတွေက အပေါ်ယံအရေပြားလောက်ကိုပဲလောင်ကျွမ်းစေတာဆိုပေမယ့် အချို့သောအရာတွေကတော့ အရေပြားအတွင်းပိုင်းကတစ်ရှုးတွေအထိ ထိခိုက်ပျက်စီးနိုင် ပါတယ်။ အရင်ဆုံးဒဏ်ရာရဲ့ပြင်းထန်မှုကို သိအောင်လုပ်ဖို့လိုပါမယ်။
တကယ်လို့ သင့်အနေနဲ့ ဓါတုပစ္စည်းလောင်တာက မျက်လုံး၊ ပါးစပ်အတွင်းပိုင်းမှာဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်တာက အကောင်းဆုံးသောနည်းလမ်းပါ။
ဓါတုပစ္စည်းလောင်တဲ့အခါ သတိပြုရမယ့်အချက်တွေက
ကိုယ့်ကိုယ်ကို ကာကွယ်ပါ
- ဓါတုပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ လက်အိတ်ဝတ်တာလိုမျိုး အကာအကွယ်ဖြစ်စေမယ့်အရာတွေကို ဝတ်ဆင်ပြီးမှ ကိုင်တွယ်ပါ။
- ဓါတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။
ထိခိုက်မိတဲ့နေရာကို သန့်စင်ဆေးကြောပေးပါ
- ဓါတုပစ္စည်း လောင်သွားတဲ့ နေရာကို ရေအေးအေးထဲမှာ အနည်းဆုံး မိနစ် ၂၀လောက် စိမ်ထားပေးပါ။ ရေစိမ်ထားဖို့ မလွယ်ရင် ရေအေးအေးနဲ့ လောင်းပေးလို့လည်း ရပါတယ်။ အဆက်မပြတ် လောင်းပေးဖို့တော့ လိုပါမယ်။
- ဓါတုပစ္စည်း လောင်တဲ့နေရာကို ဆေးချလိုက်တဲ့ ရေတွေက အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို မရောက်သွားစေဖို့ သတိပြုပါ။
- ရေအားပြင်းတဲ့ ပိုက်ကရေနဲ့ မဆေးချမိပါစေနဲ့။
- ဓါတုပစ္စည်း လောင်တဲ့အခါ လက်ဝတ်ရတနာနဲ့ အခြား ဝတ်ဆင်ထားတဲ့ အဆင်တန်ဆာတွေကို ချက်ချင်း ချွတ်ပစ်ပါ။ အသားထဲ နစ်ဝင်တာကနေ ကာကွယ်နိုင်ဖို့ပါ။
- အရေပြားကို လောင်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို အရေပြားပေါ်မှာ ခြောက်သွားတဲ့အထိ ထားတာမျိုး မလုပ်ပါနဲ့။
- ဓါတုပစ္စည်းလောင်တဲ့နေရာကိုantibiotic cream လုံးဝမလူးပါနဲ့။
ဓါတုပစ္စည်းလောင်တဲ့ နေရာကို တစ်ခုခုနဲ့ ဖုံးအုပ်ထားပေးပါ
ဓါတုပစ္စည်းလောင်သွားတဲ့ နေရာကို ပိုးသတ်ထားတဲ့ ခြောက်သွေ့သန့်ရှင်းသော ပတ်တီးစ ခပ်ပါးပါးလေးနဲ့ အုပ်ထားပေးပါ။ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ဖို့ အတွက်ပါ။
အိမ်သန့်ရှင်းရေး နဲ့ အပေါ်မှာ ပြောခဲ့တဲ့ပစ္စည်းတွေကြောင့်ပဲ အရေပြားလောင်တာမျိုးတွေဖြစ်စေနိုင်တာမဟုတ်ပါဘူး။ ဆံပင်၊အသားအရေနဲ့ခြေသည်းလက်သည်းတွေအတွက် အသုံးပြုတဲ့ပစ္စည်းတွကို မှားယွင်းသုံးစွဲမိမယ်ဆိုရင်လည်း အရေပြားလောင်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ မတော်တဆလောင်ကျွမ်းတဲ့အခါ အရမ်းမပြင်းထန်ခင်သေချာဂရုစိုက်ပေးဖို့ပြောပါရစေနော်…