ရာသီဥတုက ပူလာပြီနော်။ ဆောင်းဝင်ပြီဆိုပေမယ့် ခုနောက်ပိုင်းရာသီဥတုက အပူဓါတ်ပဲလွန်ကဲလာတာဆိုတော့ နွေရာသီအတိုင်းကို ပူပြင်းလို့နေပြီလေ။ အပူရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့ရာသီဥတုက အသက်အရွယ်မရွေးကို အပူရှပ်စေနိုင်တဲ့ အန္တရာယ်ရှိစေနိုင်ပါတယ်။ အပူရှပ်တာက အရေးမကြီးဘူးလို့မထင်ပါနဲ့။ အရေးပေါ်အသက်ကယ်ဆယ်မှုတွေမပြုလုပ်နိုင်ဘူးဆိုရင် အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။
အပူရှပ်ပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။
၁။ ခန္ဓါကိုယ်ရဲ့ အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်မြင့်မားနေမယ်။
၂။ နှလုံးခုန်နှုန်းအရမ်းမြန်နေမယ်။
၃။ ချွေးမထွက်တော့ဘဲ ခြောက်သွေ့နေမယ်။
၄။ သတိလစ်နေမယ် ဒါမှမဟုတ် ကြောင်တောင်တောင်ဖြစ်နေမယ်။
၅။ တက်နေမယ်။
၆။ အရေပြားတွေက နီရဲခြောက်သွေ့ပြီး ပူနေမယ်။
အဲဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် အပူဒဏ်ကြောင့် အပူရှပ်တာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်တာကြောင့် အမြန်အဆန် ပြုစုကုသမှုတွေပြုလုပ်ရပါမယ်။
ကိုယ့်ရှေ့မှာ အပူရှပ်တဲ့သူကို တွေ့ပြီဆိုရင် အောက်ပါတွေအတိုင်းလုပ်ပေးပါ။
၁။ ဆေးရုံကားခေါ်ပါ။ ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ အကူအညီပေးနိုင်သူကို အကူအညီတောင်းပါ။
၂။ လူနာကို လေအေးစက်တပ်ထားတဲ့နေရာ ဒါမှမဟုတ် အရိပ်ရတဲ့နေရာကိုခေါ်ဆောင်ပါ။
၃။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတွေကို ရေအေးဝတ်ကပ်ပါ။ တစ်ကိုယ်လုံး အပူချိန်လျော့သွားအောင် ပန်ကာနဲ့ဖြစ်ဖြစ် နေရာအနံ့ှမှုတ်ပေးပါ။
၄။ အန်နေရင် ဒါမှမဟုတ် သတိလစ်နေတယ်ဆိုရင် အရည်မတိုက်ပါနဲ့ဦး။
၅။ တက်နေတာမျိုးရှိတယ်ဆိုရင် သူ့ကိုထိခိုက်စေနိုင်တာတွေကနေ ဖယ်ရှားပေးပါ။ အန်နေတယ်ဆိုရင် အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင် ဘေးတစ်ဖက်ကိုစောင်းထားပေးပါ။
အပူရှပ်တာမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။
အပူရှပ်တာက အသက်အရွယ်ကြီးရင့်တဲ့သူတွေနဲ့ကလေးငယ်တွေ၊ လေဝင်လေထွက်မကောင်းတဲ့နေရာမှာ နေထိုင်တဲ့သူတွေ၊ နဂိုရောဂါအခံရှိသူတွေနဲ့ အရက်အလွန်အကျွံသောက်တတ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အပူမရှပ်အောင် ကာကွယ်နိုင်ဖို့အတွက်
၁။ အရောင်ဖျော့ပြီး ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းပါ။
၂။ နေလောင်ခံခရင်မ်လိမ်းပါ။
၃။ ရေများများသောက်ပါ။ ဖျော်ရည်တွေ သောက်လည်းရပါတယ်။ ဒါပေမယ့် အရက်ဘီယာကတော့ ရေဓါတ်ဆုံးရှုံးစေနိုင်လို့ မသောက်သင့်ပါဘူး။
၄။ ရာသီဥတုပူပြင်းနေတဲ့အချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာ၊ နေပူထဲမှာ အလုပ်လုပ်ရတာမျိုးတွေကိုရှောင်ပါ။
၅။ ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ရင့်ခြင်းက ရေဓါတ်လိုအပ်နေပြီဆိုတာကို ပြသပါတယ်။
ပူပြင်းလာတဲ့ရာသီဥတုမှာ အားလုံးဘေးအန္တရာယ် ကင်းရှင်းကြစေဖို့ ဒီအချက်အလက်လေးတွေကို လိုက်နာပေးကြပါနော်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















