ထိခိုက်ဒဏ်ရာ၊ အနာဆိုတဲ့စကားလုံးတွေက ငယ်ငယ်ကတည်းက ခပ်ကင်းကင်းနေလို့ရတဲ့ စကားလုံးတွေမဟုတ်ခဲ့ပါဘူး။ လက်ကိုဓါးရှမိတာ၊ အဆူး စူးမိတာလိုမျိုး ထိခိုက်ဒဏ်ရာသေးသေးလေးတွေကနေစလို့ အဆစ်လွဲတာ၊ အရိုးကျိုးတာ၊ အကြောရောင်တာလိုမျိုး ထိခိုက်ဒဏ်ရာတွေအထိအမျိုးမျိုးကိုတွေ့ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ ခရီးသွားနေတုန်းမှာ နောက်ဆုံးအိမ်မှာနေရင်းတောင် ထိခိုက်ဒဏ်ရာတွေဖြစ်နိုင်တာဆိုတော့ ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုမှန်ကန်စွာ ပြုစုကုသရမလဲဆိုတာကိုတော့ သိထားမှဖြစ်မှာပါ။
ထိခိုက်ဒဏ်ရာအမျိုးမျိုးရှိပါတယ်။
မတော်တဆ ဟင်းသီးဟင်းရွက်တွေလှီးရင်း ဓါးရှမိတာမျိုး၊ အခြားပြတ်ရှနိုင်တဲ့အရာတွေနဲ့ ထိခိုက်မိရာကနေ အရေပြားမှာ ထိခိုက်ရှနာတွေဖြစ်တာ၊ နေ့စဉ်ချက်ပြုတ်ရင်း ရေနွေးပူလောင်တာ၊ မီးပူတိုက်ရင်း အပူနဲ့ကပ်မိတာ၊ အမှုမဲ့အမှတ်မဲ့ပူနေတဲ့အရာတွေကို အခုအခံမပါဘဲ ကိုင်တွယ်ထိတွေ့မှုတွေကြောင့်ဖြစ်ပေါ်တဲ့ အပူလောင်ဖြစ်တာတွေကနေစလို့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့ အဆစ်လွဲတာ၊ ခြေခေါက်တာလိုမျိုး အခန့်မသင့်ဖြစ်တာတွေကြောင့် ကြွက်သားနဲ့ အရွတ်တွေရောင်ရမ်းတာနဲ့ ကြီးကြီးမားမား ထိခိုက်မှုတွေကြောင့် အရိုးကျိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။
ဘယ်သူတွေ ထိခိုက်ဒဏ်ရာရနိုင်လဲ။
ဘယ်သူမဆို၊ ဘယ်အသက်အရွယ်မဆို လုပ်ငန်းခွင်တွင်း အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စများပြုလုပ်ရင်း၊ အားကစားလုပ်ရင်း၊ သွားလာရင်း မတော်တဆထိခိုက်ဒဏ်ရာများကို ရရှိနိုင်ပါတယ်။
နည်းလမ်းမှန်မှန်ကန်ကန်နဲ့ ဆေးရုံသို့မသွားမီ အရေးပေါ်ဘယ်လိုပြုစုကုသမှုကိုပြုလုပ်မလဲ။
ဒဏ်ရာအနေအထား၊ ဖြစ်တဲ့နေရာပေါ်မူတည်ပြီးပြုစုကုသမှုပုံစံက ကွာခြားပါတယ်။အောက်မှာဖော်ပြထားတာတွေက ထိမိခိုက်မိဖြစ်တဲ့အခါပြုလုပ်နိုင်တဲ့ အရေးပေါ်ပြုစုနည်းတွေဖြစ်ပါတယ်။
- ထိခိုက်ရှနာဖြစ်တဲ့အခါ အရင်ဆုံးအနာကိုရေသန့်သန့်လေးနဲ့ သန့်စင်ဆေးကြောပြီးသွေးတိတ်အောင် အဝတ်စသန့်သန့်လေးနဲ့ အနာပေါ်ကနေ အသာအယာဖိပေးပါ။ပြီးရင်တော့antibiotic တစ်ခုခုလူးပေးပြီး ပလာစတာကပ်တာ၊ ပတ်တီးစည်းတာလိုမျိုး အနာကို အကာအကွယ်ဖြစ်စေမယ့် အရာလေးတွေလုပ်ဆောင်ပေးပါ။ အနာမကျက်မချင်း တစ်နေ့ကို နှစ်ကြိမ် အနာကို စစ်ဆေးပေးပါ။ ပလာစတာလဲတာ၊ ပတ်တီးလဲပေးတာမျိုးလုပ်ပေးပါ။
- အပူလောင်တဲ့အခါ အပူလောင်သွားတဲ့နေရာကိုရေအေးအေးနဲ့ချက်ချင်းဆေးချပါ။ပြီးရင်ရေအေးအေးထဲမှာ ခဏစိမ်ထားပေးပါ။ ပူလောင်နာကျင်မှုတွေ မသက်သာမချင်း အနာပေါ်မှာ တဘက်စသန့်သန့်ကိုရေအေးအေးလေးစွတ်ပြီး ကပ်ထားပေးပါ။ပြီးရင်တော့ အပူလောင်နာအတွက် အသုံးပြုတဲ့ဆေးတစ်မျိုးမျိုးလိမ်းပေးပါ။ ရည်ကြည်ဖုထလာနိုင်ပြီးရေကြည်ဖုလေးတွေကို မဖောက်ပါနဲ့။ တစ်နေ့ နှစ်ကြိမ်ဆေးလူးပေးပါ။အနာမကျက်မချင်း အနာကို ပလာစတာ၊ပတ်တီးနဲ့ ကာကွယ်ထားပေးဖို့ မမေ့ပါနဲ့။
- အဆစ်လွဲတဲ့အခါ သက်တောင့်သက်သာလေးနေပြီး ရေနွေးအိတ်ကပ်ပေးတာ၊ရေခဲကပ်တာမျိုးလုပ်ပေးပါ။ ဆရာဝန်နဲ့ပြသပြီး ထိရောက်တဲ့ကုသမှုခံယူပေးပါ။
- အရွတ်၊ ကြွက်သားရောင်တဲ့အခါ တတ်နိုင်သမျှ လှုပ်ရှားမှုမလုပ်ဘဲနေပေးပါ။ နာတဲ့နေရာကိုရေခဲကပ်ပေးပါ။ အနားယူပါ။ ထိခိုက်မိတဲ့နေရာကို ကျပ်စည်းပေးပါ။ ဆရာဝန်နဲ့ပြသပြီး ထိရောက်တဲ့ကုသမှုခံယူပေးပါ။
- အရိုးကျိုးတဲ့အခါ ကျပ်စည်းပါ။ အမြန်ဆုံး ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူပါ။ အရိုးပြန်မဆက်မချင်း အနားယူပေးပါ။ လှုပ်ရှားမှုမလုပ်ပါနဲ့။ အရိုးပြန်ဆက်သွားပြီဆိုရင်ဖြည်းဖြည်းချင်းလှုပ်ရှားမှုလုပ်ပေးပါ။ ကိုယ်ခန္ဓါပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းများကို ဆရာဝန်ညွှန်ကြားမှုနှင့်ပြုလုပ်ပါ။
အရိုးထိခိုက်ဒဏ်ရာတွေ ခွဲစိတ်ပြီးတဲ့အခါမှာ ဘာကြောင့် လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ် လုပ်ဖို့ လိုအပ်တာလဲ။
မတော်တဆဖြစ်တဲ့ ထိခိုက်ဒဏ်ရာက အသေးအဖွဲဆိုရင်တော့ အလွယ်တကူပဲမြန်မြန်ဆန်ဆန်ကောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အရိုးအကြောနဲ့ အရွတ်တွေ၊ အဆစ်အမြစ်တွေ ထိခိုက်ဒဏ်ရာရတာမျိုးဆိုရင်တော့ပြုစုကုသမှုတွေအပြင်လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေပါ ပြုလုပ်ဖို့လိုအပ်ပါတယ်။ မှန်ကန်ကောင်းမွန်တဲ့ စောင့်ရှောက်မှုခံယူခြင်းက အမြန်ဆုံးပြန်လည်သန်စွမ်းလာအောင်၊ဘေးအကူအညီမပါဘဲ ကိုယ့်ဘာသာ အမြန်ဆုံးရပ်တည်လာနိုင်အောင်၊ ထိခိုက်ဒဏ်ရာရထားတဲ့နေရာတွေ ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ဖြစ်ထားတဲ့ဒဏ်ရာအနေအထားပေါ်မှာမူတည်ပြီး ဘယ်လို လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုအပ်မလဲဆိုတာကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















