မီးဘေးနဲ့ကြုံလာရတဲ့အခါ အရင်ဆုံးရင်ဆိုင်ရမှာက မီးလောင်ခံရနိုင်တဲ့အန္တရာယ်ဖြစ်ပေမယ့်နောက်ထပ်အသက်အန္တရာယ်ရှိစေနိုင်တဲ့အရာက မီးခိုးမွှန်ခြင်းပဲဖြစ်ပါတယ်။ မီးလောင်ပြီဆို ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်တို့ လိုအောက်ဆီဂျင်ရရှိမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေထွက်စေလို့ပါပဲ။ ဒါတွေရှူမိပြီဆို အသက်ရှူဖို့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒါ့ကြောင့် ထမင်းဟင်းချက်တဲ့မီးဖိုကထွက်တဲ့ မီးခိုးနံ့၊ လမ်းမှာအမှိုက်ပုံရှို့တဲ့မီးခိုးနံ့တောင် မခံနိုင်ဘဲ အသက်ရှူကျပ်လာတတ်တယ်မဟုတ်လား။
မီးလောင်မှုနဲ့ မီးခိုးရဲ့အပူရှိန်ကိုမူတည်ပြီး ၂ မိနစ်ကနေ ၁၀ မိနစ်အတွင်း အသက်ဆုံးရှုံးရနိုင်ပါတယ်။ မီးလောင်မှုကြောင့်အောက်ဆီဂျင်တွေကိုလောင်ကျွမ်းစေပြီး မီးခိုးတွေကြောင့် အဆုတ်ထဲကို ကာဗွန်မိုနောက်ဆိုက်တွေအများကြီးရောက်ရှိစေပါတယ်။အောက်ဆီဂျင်ပြတ်လပ်တဲ့ မီးခိုးမွှန်ခြင်းက ၅ မိနစ်ကနေ ၁၀ မိနစ်ကြာရင် ဦးနှောက်ေသဆုံးမှုကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်တယ်။
မီးခိုးမွှန်သူတွေမှာ ခံစားရတဲ့လက္ခဏာ
အသက်ရှူလမ်းကြောင်းမှာမွန်းကျပ်လာပြီဆိုတာနဲ့ မီးလောင်မှုအဆင့်နဲ့ မီးခိုးအခြေအနေကိုမူတည်ပြီး ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်။
- ချောင်းဆိုးလာခြင်း
- အသက်ရှူမဝခြင်း
- အသက်ရှူသံတရွှီရွှီမြည်လာခြင်း
- မျက်စိနီရဲလာခြင်း၊ ကျိန်းစပ်လာခြင်း
- အသားတွေပြာလာခြင်း
- မီးခိုးမွှန်ခြင်းကြောင့် နှာခေါင်းနဲ့နှာခေါင်းလမ်းကြောင်းမှာရောင်ရမ်းလာခြင်း
- ကာဗွန်မိုနောက်ဆိုက်ကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်း၊မူးဝေအော့အန်ခြင်း
- မီးလောင်ကျွမ်းမှုကထွက်လာတဲ့ဓါတုအဆိပ်ငွေ့တွေကြောင့်နဲ့အောက်ဆီဂျင်နည်းပါးမှုကြောင့် စိတ်အာရုံရှုပ်ထွေးခြင်း၊ သတိလစ်ေ့မမျောခြင်း၊ တက်ခြင်းနဲ့ ကိုမာဖြစ်ခြင်းတို့နောက်ဆက်တွဲပြဿနာတွေရှိနိုင်ပါတယ်။
မီးခိုးမွှန်သူကို ဘယ်လိုအရေးပေါ်ကူညီမလဲ
ဘေးလွတ်ရာရွှေ့ပြောင်းပေးပါ
- မီးခိုးမွှန်နေသူကိုလေကောင်းလေသန့်ရနိုင်တဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးပါ။
- လူနာကို ထိုင်နေခိုင်းပါ သို့မဟုတ် ဘေးတစောင်းလှဲနေခိုင်းပါ။ ပက်လက်မနေပါစေနဲ့။ ပျို့အန်နေတယ် ဒါမှမဟုတ် ချွဲသလိပ်တွေချောင်းဆိုးထုတ်နေတယ်ဆိုရင် ပက်လက်အနေအထားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားနိုင်လို့ပါ။
အောက်ဆီဂျင်ပေးပါ
အိမ်မှာ အရေးပေါ်အောက်ဆီဂျင်ဘူးရှိခဲ့ရင် သို့မဟုတ် အရေးပေါ်ဆေးရုံကားရောက်ရောက်ချင်း လူနာကို အသက်ရှူအကူအောက်ဆီဂျင်ပေးပါ။ မီးခိုးမွှန်ထားသူအတွက် အောက်ဆီဂျင်ရဖို့က မြန်နိုင်သလောက်မြန်ဖို့ အရေးကြီးပါတယ်။
အရေးပေါ်အသက်ကယ်နည်း (CPR) သုံးပါ
ဆေးရုံကားစောင့်ဆိုင်းနေစဉ်အတွင်း လူနာက အသက်မရှူတော့ရင် အရေးပေါ်ရှေးဦးသူနာပြုစုနည်းအသုံးပြုဖို့ လိုပါမယ်။ အသက်ရှူမမှန်တော့တဲ့ လူနာက ကလေးအရွယ်ဖြစ်နေမယ်ဆိုရင် –
- သူ့ကို ပက်လက်ထားပြီး ရင်ညွန့်ရိုးအလယ်မှာ လက်နှစ်ချောင်း သို့မဟုတ် သုံးချောင်းတင်ပြီး အနည်းဆုံးတစ်လက်မလောက် ချိုင့်ဝင်အောင်ဖိပေးပါ။နည်းနည်းကြီးတဲ့ကလေးဆိုရင် နှစ်လက်မလောက်ချိုင့်ဝင်အောင်ဖိပေးပါ။ နံရိုးတွေကိုမဖိမိအောင်တော့သတိထားပါ။
- ရင်ဘတ်ဖိခြင်းကို ခပ်မြန်မြန်အကြိမ် ၃၀လောက်လုပ်ပါ။ တစ်ချက်ဖိရင်တစ်ခါ ရင်ဘတ်ဖောင်းလာအောင်တော့ စောင့်ပေးပါ။ အသက်ရှူလာပြီလားတစ်ချက်ကြည့်ပြီး မထူးလာရင် နှုတ်ခမ်းကတဆင့်လေမှုတ်သွင်းတဲ့အသက်ကယ်နည်းကိုသုံးပါ။
- ရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီးနောက်လက်တစ်ဖက်နဲ့အုပ်ကိုင်ပါ
- လက်ကိုဖြောင့်အောင်တန်းပြီး ရင်ဘတ်ကို၂လက်မခန့်ချိုင့်ဝင်အောင် အကြိမ်ရေများများဖိပေးပါ။
- ဖိတဲ့အခါမှာ ခပ်မြန်မြန်လုပ်ရမယ်ဆိုပေမယ့် ရင်ဘတ်ပြန်ဖောင်းလာအောင်စောင့်ပြီးမှ နောက်တစ်ကြိမ်ဖိပါ။
- တစ်မိနစ်ကို အနည်းဆုံးအကြိမ် ၁၀၀ လောက် CPR လုပ်ပေးလို့ရပါတယ်။ ဒါမှ အသက်ရှူမလာသေးရင် ကလေးတွေနဲ့အလားတူပဲ နှုတ်ခမ်းမှတဆင့်လေမှုတ်သွင်းပေးတဲ့နည်းကိုသုံးရပါမယ်။
နောက်ပိုင်းဘယ်လိုဂရုစိုက်ပေးမလဲ
- ဒီလိုဖြစ်ရပ်မျိုးကြုံထားတဲ့သူတွေအနေနဲ့ကောင်းကောင်းအနားယူပါ၊ အိပ်ပျော်အောင်အိပ်ပါ။
- ချောင်းဆိုးသက်သာပြီး အသက်ရှူရကောင်းအောင်ခေါင်းအုံးကိုမြှင့်ထားပါ။
- ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေမှန်မှန်သောက်ပါ။
- ဆေးလိပ်မသောက်ပါနဲ့ သို့မဟုတ် တခြား မီးခိုးမွှန်စေမယ့်အရာမျိုးကိုရှောင်ပါ။
- အာဟာရပြည့်အောင်စားပါ