နေအိမ်တိုင်းမှာအရေးပေါ်ဆေးသေတ္တာထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။
အရေးပေါ်ဆေးသေတ္တာဆိုတာဘာအတွက်ထားတာလဲ။ ။
အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့အခြေအနေကနေသက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။
ဆေးသေတ္တာမှာ ဘာတွေပါရမလဲ။ ။
အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။
- ပိုးသတ်ထားတဲ့ဂွမ်း
- စက္ကူတိပ်
- အနာကပ်ပလာစတာ
- ပတ်တီးလိပ်
- အရက်ပြန်
- ပိုးသတ်ဆေး
- အနာကျက်ဆေးအဆီ/ဆေးရည်
- ဇာဂနာ
- ကတ်ကြေးအသေး
- သာမိုမီတာ (ဒစ်ဂျစ်တယ်)
- တစ်ခါသုံးပလတ်စတစ်လက်အိတ်(အနည်းဆုံး နှစ်စုံ)
- ကိုယ်ပူကျဆေး နဲ့အကိုက်အခဲပျောက်ဆေး (ဥပမာ – Paracetamol၊ acetaminophen၊ aspirin ၊ibuprofen)
- ချောင်းဆိုးပျောက်ဆေး (အရည် သို့မဟုတ်သောက်ဆေး)
- အစာအိမ်နဲ့လေထိုးလေအောင့်အတွက် အစာအိမ်လေဆေး (ဥပမာ- Kremil S ၊Air X)
- ဓါတ်မတည့်မှုနဲ့ ယားယံခြင်းတို့အတွက်Antihistamine လိမ်းဆေး (ဥပမာ Cetrizine, Loratidine, Burmeton)
- ဒဏ်ကြေလိမ်းဆေး (ပရုတ်ဆီ၊ ရာပန်းဆီ၊ Vortex)
ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်
ကလေးတွေလက်လှမ်းမမီလောက်တဲ့၊ လူကြီးတွေယူရလွယ်လောက်တဲ့နေရာမှာ ထားပါ။ ဆေးသေတ္တာကို ပုံမှန်စစ်ကြည့်ပါ။ ကုန်နေတာရှိရင်ဖြည့်ပါ။ သက်တမ်းရက်လွန်နေတာရှိရင် အသစ်လဲထည့်ပါ။
အရေးပေါ်ဆေးသေတ္တာကို အသုံးပြုနိုင်မယ့်ရောဂါတွေကဘာတွေလဲ။ ။
အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင်အသုံးပြုတတ်အောင်လည်းလေ့လာသင်ယူ တာတွေလုပ်ရပါမယ်။ ကဲဒီလောက်ဆိုရင်တော့ ဆေးသေတ္တာကလေးရဲ့ အရေးပါပုံကို သိလောက်ပြီးလို့ထင်ပါတယ်။ ခုလို ပစ္စည်းတွေစုံစုံလင်လင်ထည့်ထားတဲ့ ဆေးသေတ္တာလေးတစ်ခု အိမ်မှာဆောင်ထားရင် မိသားစုရဲ့ ကျန်းမာရေးကို သင်က ဆရာဝန် မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကနေ တာဝန်ယူနိုင်မှာပါ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။