brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဘာမီတွန်ဆိုတာဘာဆေးလဲ။

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဆေးဝါးတစ်ခုခုကို သောက်သုံးတဲ့အခါ ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ –

  • အသက် ၁၂ နှစ်အထက်ဆိုရင် 4 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။ အသက် ၆၅နှစ်ကျော်သွားရင်တော့် တစ်နေ့ကို ၃ပြား (12mg)ထက် ပိုမသောက်သင့်ပါဘူး။
  • အသက် ၆နှစ်ကနေ ၁၁နှစ်အတွင်းဆိုရင်တော့ 2 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် 1 mgဆေးပြားကို၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးငယ်တွေဆိုရင်တော့1 mgဆေးပြားကို တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သာတိုက်သင့်ပါတယ်။
  • သတိထားရမယ့်နောက်တစ်ချက်က အရေပြားဓာတ်မတည့်တာဖြစ်ဖြစ် ဓာတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်ဖြစ် ဘာမီတွန်ကိုသောက်နေရတယ်ဆိုရင်လည်း အများဆုံးအချိန်အတိုင်းအတာအနေနဲ့ ၇ ရက်အထိပဲ ဆက်တိုက်သောက်သင့်ပါတယ်။ ၇ ရက်ကျော်တဲ့အထိမှ ရောဂါအခြေအနေသက်သာလာတာမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပါ။ ဘာမီတွန်က အချိန်အကြာကြီးစွဲသောက်ဖို့ မသင့်တော်ပါဘူး။

    တန်ဆေးလွန်ဘေး

    ဆေးဝါးတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံသောက်ရင် အန္တရာယ်များပါတယ်။ ဘာမီတွန်ကို အတိုင်းအဆမှန်မှန်သောက်သုံးမယ်ဆိုရင်ရောဂါတွေကို သက်သာစေမှာမှန်ပေမယ့် အများကြီးသောက်မယ်၊ အချိန်ကြာမြင့်စွာသောက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေခံစားရနိုင်ပါတယ်။

    ဒါတွေတင်မကပါဘူး။ ဘာမီတွန်ကို အများကြီးသောက်လိုက်မယ်ဆိုရင်

    • သူငယ်အိမ်ကျယ်လာမယ်
    • မျက်နှာတွေနီရဲလာမယ်
    • အဖျားတက်မယ်
    • အားနည်းလာမယ်
    • အကြောဆွဲမယ်
    • အသက်ရှူရခက်မယ်
    • တက်မယ်
    • သတိလစ်မေ့မြောတာတွေအထိဖြစ်မယ်
    • ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ် (Light-headedness)
    • ခေါင်းထဲမှာ ကြည်ကြည်လင်လင်မရှိဖြစ်မယ်
    • သိမြင်မှုစွမ်းရည်တွေကျဆင်းလာမယ်
    • ကျောက်ကပ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကိုထိခိုက်မယ်
    • ပျို့အန်ချင်မယ်
    • အစာခြေစနစ်အလုပ်လုပ်တာ နှေးလာမယ်
    • အစားစားချင်စိတ်နည်းမယ်
    • သွေးဖိအား ကျမယ်
    • သူများ မမြင်မကြားတာတွေ မြင်ကြားနေမယ်
    • စိတ်ဂနာမငြိမ်ဖြစ်မယ်
    • စိတ်မူမမှန်ဖြစ်မယ်
    • ကယောင်ကတမ်းဖြစ်မယ်

    ဒီအခြေအနေတွေက အရေးပေါ်အခြေအနေတွေဖြစ်တာကြောင့် လူနာကို နီးစပ်ရာဆေးရုံကို အမြန်ဆုံးခေါ်သွားပြီး ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ တကယ်လို့ အချိန်မီမပို့ဆောင်နိုင်တာမျိုးဖြစ်မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ပါတယ်။ဘာမီတွန်ကို အယ်လ်ကိုဟောပါတဲ့သောက်စရာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။

    ဘယ်သူတွေက ဘာမီတွန်မသောက်သင့်ဘူးလဲ

    • ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ
    • အသည်းရောဂါအခံရှိသူတွေ
    • မျက်စိရေတိမ်ရှိသူတွေ
    • ဆီးကျိတ်ဝေဒနာရှိသူတွေ
    • အတက်ဝေဒနာ (epilepsy)
    • ဓာတ်မတည့်မှုအတွက် တခြားဆေးဝါးတစ်ခုခုသောက်သုံးနေရသူဆိုရင်တော့ ဘာမီတွန်ကို မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/03/2022 ဖြစ်ပါသည်။