brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ဟယ်… ပုရွက်ဆိတ်ကိုက်တာပဲ၊ ဘာမှဖြစ်တာမှ မဟုတ်တာလို့ အပြောမစောပါနဲ့ဦး။ တချို့လူတွေဆိုရင် ပုရွက်ဆိတ်အနီ ကိုက်တာ တစ်ချက် ခံလိုက်ရရင် ဖုကြီး အကြီးကြီး ထလာပြီး နာလည်းနာ၊ ယားလည်းယား အရေပြားပေါ် အကွက်လိုက်ကြီး နီနေတာမျိုး ဖြစ်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့)။ ဒီတော့ ကျွန်တော့်လိုမျိုး ပုရွက်ဆိတ်ကိုက်ရင် ဖုထတတ်တဲ့သူတွေ၊ ခံရခက်တဲ့သူတွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

နည်းလမ်းတွေ မပြောခင် အရင်ဆုံး သိစေချင်တာက ဘာမှမဖြစ်တဲ့သူတွေကို ကြည့်ပြီး ဟင်.. ငါတစ်ယောက်တည်း အထိမခံ ဖြစ်နေတာလားလို့ မတွေးပါနဲ့။ သဘာဝတရားကြီးက သတ္တဝါတိုင်းကို သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ဖန်တီးပေးထားတာပါ။ ပုရွက်ဆိတ်တွေလည်း ဒီလိုပါပဲ။ သူတို့ အန္တရာယ် သူတို့ကာကွယ်ဖို့ အဆူးနဲ့ထိုးတယ် (အရပ်ခေါ်တော့ ကိုက်တယ်ပေါ့)။ ဒီလိုထိုးလိုက်(ကိုက်လိုက်)တဲ့အခါ အကိုက်ခံရတဲ့သူရဲ့ အရေပြားနဲ့ မတည့်ရင် အခုလိုမျိုး ဖုထတာ၊ အနီစက်ဖြစ်တာ၊ ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ တချို့သော ပုရွက်နီ (Fire Ants) တွေမှာတော့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ အဆိပ်တွေ ပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒီလို အကိုက်ခံရတယ်ဆိုရင်တော့

အကိုက်ခံရတဲ့နေရာမှာ ရေခဲအုံပါ။ ရေခဲ အခဲလိုက်ကြီး သွားမကပ်ပါနဲ့။ ရေခဲကို ပုဝါတစ်ခုထဲ ထည့်ပြီး ရေခဲအိတ်သဘောမျိုး ကပ်ပေးပါ။

ယားတာ တော်တော်များများက အပူနဲ့တွေ့ရင် သက်သာပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်ကိုက်တဲ့အခါ အပူသွားမပေးပါနဲ့။ ကြပ်ထုပ်မထိုးပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။

စတီးရွိုက်လိမ်းဆေးတွေနဲ့ Antihistamines (ဟစ်စတမင်းဆန့်ကျင်ဆေး) တွေကလည်း ယားယံနာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ပါမှ သောက်တာ၊ လိမ်းတာမျိုး လုပ်သင့်တာပါ။

ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြသင့်လဲ။

ပုရွက်ဆိတ်ကိုက်တာပဲဆိုပြီး မပေါ့သင့်ပါဘူးနော်။ ဒီလို အကိုက်ခံရပြီး

  • အသက်ရှူကျပ်လာတဲ့အခါ
  • လည်ချောင်းထဲ တံတွေးတောင် မျိုချရ ခက်ခဲတဲ့အခါ
  • မူးဝေလာတဲ့အခါ
  • မဆိုင်တဲ့ လက်နဲ့ ခြေထောက်တွေ ရောင်ရမ်းလာတဲ့အခါ
  • သွေးပေါင်ကျတဲ့အခါ
  • လျှာတွေ ထုံပြီး ရောင်လာတဲ့အခါ
  • ရင်ဘတ်ထဲ တင်းကျပ်လာတဲ့အခါ
  • အော့အန်ချင်တဲ့အခါ ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။

Wathun Myat Chel

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။