ပွင့်လင်းရာသီရောက်လာပြီဆိုရင်ကျေးငှက်တိရစ္ဆာန်လေးတွေပျော်ရွှင်မြူးထူးနေတာကိုတွေ့မြင်နိုင်ပြီဖြစ်သလို ပျားပိတုန်လေးတွေပျံဝဲနေတာကိုလည်းတွေ့မြင်ကြရမှာပါ။နွေရာသီကပျော်ရွှင်စရာကောင်းတာလေးတွေရှိသလို အပြည့်အဝကြီးပျော်ရွှင်စရာတွေပဲရှိနေတာတော့မဟုတ်ပါဘူး။နွေရာသီမှာ အင်းဆက်ကိုက်ခံရတာ အပါအဝင် ဝမ်းရောဂါနဲ့အခြားရောဂါတွေကိုပါခံစားရနိုင်ပါသေးတယ်။ ဒီထဲမှာမှ အခုတစ်ခေါက်မှာ အဆိပ်ရှိတဲ့ အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသရမလဲဆိုတာကိုပြောပြပေးပါရစေ။

အင်းဆက်ကိုက်ခံရရင်
အင်းဆက်ကိုက်တဲ့အခါ အရေပြားမှာ အပေါက်လေးတွေဖြစ်သွားနိုင်သလို အပေါ်ယံအရေပြားစုတ်ပြဲသွားတာမျိုးဖြစ်နိုင်ပါတယ်။ အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားမှာ ယားယံတာတွေ မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အင်းဆက်တွေက လူ့အရေပြားကို ကိုက်တဲ့အခါ အက်ဆစ်ဓါတ်ပါဝင်နေတဲ့ အရည်တွေကို အရေပြားအောက်ကို ထိုးသွင်းလိုက်ကြပါတယ်။ ဒီလိုဖြစ်တဲ့အခါ အရေပြားမှာ ယားဖုလေးတွေထွက်တာ၊ အရေပြားရောင်ရမ်းတာ၊ နီမြန်းတာ၊နာကျင်ယားယံတာနဲ့ အရေပြားမှာ ဓါတ်မတည့်သလိုမျိုး စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ကိုက်သွားတဲ့ အင်းဆက်အမျိုးအစားနဲ့ အရေပြားရဲ့ တုံ့ပြန်နိုင်မှုအတိုင်းအတာပေါ်မူတည်ပြီး ဓါတ်ပြုတုံ့ပြန်မှုကလည်း ကွာခြားနိုင်ပါတယ်။
ကမျဉ်းကောင်၊ မှက်၊ခြင်တွေ၊ ပုရွက်ဆိတ်တွေလိုမျိုး အင်းဆက်တွေကိုက်ခံရတဲ့အခါ နာတာထက် အရေပြားမှာ ယားယံတာမျိုးတွေ ပိုဖြစ်နိုင်ပါတယ်။ အင်းဆက်တွေမှာ ကိုက်တတ်တဲ့အကောင်တွေရှိသလို ဆူးနဲ့ထိုးစိုက်တတ်တဲ့ အင်းဆက်တွေလည်းရှိပါတယ်။ တစ်ခါတလေမှာ ထိခိုက်မိတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်သလို အဆိပ်ဆူးတွေနဲ့ထိုးစိုက်ခံရတာမျိုးဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အထိ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။
အင်းဆက်တိုင်း အဆိပ်ပြင်းတာတော့မဟုတ်ပါဘူး။ ကိုက်တဲ့အင်းဆက်က သိပ်အဆိပ်မပြင်းဘူးဆိုရင် အရေပြားမှာ နီမြန်းတာ၊ယားယံတာနဲ့ အသေးစားရောင်ရမ်းတာမျိုးလောက်ပဲဖြစ်နိုင်ပါတယ်။ ပျား၊နကျယ်၊ ပျားတူ၊ ကင်းမြီးကောက်လိုမျိုး အဆိပ်ဆူးနဲ့ ထိုးစိုက်တတ်တဲ့ အင်းဆက်ကိုက်ခံရတယ်ဆိုရင်တော့ပြင်းထန်တဲ့ ဓါတ်ပြုတုံ့ပြန်မှုတွေခံစားရနိုင်ပါတယ်။ အချို့သော အင်းဆက်တွေက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေရောက်ရှိအောင်လုပ်ဆောင်ကြပါတယ်။
အင်းဆက်ကိုက်ခံရရင်တွေ့ရနိုင်တဲ့ လက္ခဏာတွေက
အင်းဆက်ကိုက်ခံရတဲ့အခါ အင်းဆက်အမျိုးအစားပေါ်ကိုလိုက်ပြီးတွေ့ရတတ်တဲ့လက္ခဏာတွေက ကွာခြားနိုင်ပါတယ်။ အင်းဆက်ကိုက်ခံရတဲ့အခါ –
- အရေပြားမှာ နာကျင်မယ်
- ရောင်ရမ်းမယ်
- နီမြန်းမယ်
- ယားယံမယ်
- အရည်ကြည်ဖုလေးတွေဖြစ်မယ်။
အရေပြားကပေါက်ပြဲသွားတဲ့အခါ အင်းဆက်ကိုက်ခံရတာကြောင့်ဖြစ်တဲ့နေရာကနေရောဂါပိုးကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။သေချာကုသမှုမခံယူတဲ့အခါပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါတယ်။
အင်းဆက်ကိုက်ခံရတာက အရမ်းပြင်းထန်မယ်ဆိုရင် –
- အရေပြားမှာ အင်ပျဉ်တွေလိုထလာမယ်
- အသက်ရှုရခက်လာမယ်
- အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်လာမယ်
- သတိလစ်မေ့မြောမယ်
- အဆိပ်ပြင်းတဲ့အကောင်ကိုက်ခံရတာဆိုရင်တော့ မိနစ် ၃၀ အတွင်းသေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
အဆိပ်ရှိတဲ့ အင်းဆက်ကိုက်ခံရရင်ဘယ်လိုကကုသစောင့်ရှောက်မှုပေးမလဲ
အရမ်းမပြင်းထန်ဘူးဆိုရင်
အဆိပ်ရှိတဲ့အင်းဆက်ကိုက်ခံရတာဆိုပေမယ့်သိပ်မပြင်းထန်တဲ့အခါမျိုးမှာ –
- နောက်ထပ်ကိုက်ခံရတာမျိုးမဖြစ်အောင်ဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းပေးပါ
- လူနာကို မလှုပ်ခိုင်းပါနဲ့။ငြိမ်ငြိမ်လေးနေခိုင်းပါ။ အဆိပ်မပြန့်စေဖို့အတွက်ပါ
- လိုအပ်မယ်ဆိုရင် အနာမှာစိုက်ကျန်နေခြ့တဲ့ အဆိပ်ဆူး နဲ့ အကောင်တွေ ကိုဖယ်ရှားရပါမယ်
- အကိုက်ခံရတဲ့နေရာကိုရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပါ
- ရေဇလုံတစ်ခုထဲကိုရေခဲနဲ့ရေထည့်ပြီး တဘက်စသန့်သန့်လေးကိုစိမ်ပြီး ဒဏ်ရာနေရာမှာဖိကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
- hydrocortisone ခရင်မ်၊calamine lotion နဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို အင်းဆက်ကိုက်ခံရတဲ့နေရာကို လူးပေးလို့ရပါတယ်
- ယားယံမှုသက်သာစေဖို့အတွက် အင်းဆက်ကိုက်ခံရတဲ့နေရာကို အရေပြားယားယံတာသက်သာစေတဲ့ဆေးတစ်မျိုးမျိုးလူးပေးလို့လည်းရပါတယ်
- အင်းဆက်ကိုက်ခံရရတဲ့ ဒဏ်ရာကအရမ်းမပြင်းထန်ဘူးဆိုရင် တစ်ရက်၊ ၂ ရက်လောက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်
- တကယ်လို့ သင့်အနေနဲ့ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်လို့လည်းရပါတယ်။
အင်းဆက်ကိုက်ခံရပြီး အခုလိုအခြေအနေမျိုးဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးပါ
အဆိပ်ရှိတဲ့ အင်းဆက်အကိုက်ခံရပြီး အခုလိုအခြေအနေမျိုးဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။
- အသက်ရှုရခက်လာမယ်
- နှုတ်ခမ်း၊ မျက်ခွံနဲ့လည်ပင်းတွေရောင်ရမ်းလာမယ်
- ခေါင်းထဲမှာ ညီးစီစီဖြစ်လာမယ်၊ သတိလစ်မယ်၊ စိတ်အာရုံတွေထွေပြားလာမယ်
- နှလုံးခုန်မြန်လာမယ်
- အရည်ကြည်ဖုတွေဖြစ်လာမယ်
- မူးဝေအော့အန်မယ်
အခုပြောခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ အဆိပ်ပြင်းတဲ့အင်းဆက်ကိုက်ခံရတာဖြစ်နိုင်တာကြောင့် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။