Diet လုပ်နေတယ် မစားဘူး။ Diet လုပ်နေလို့ ရှောင်ထားတယ်ဆိုတာ ခေတ်သစ်ရဲ့ ဗန်းစကား ဖြစ်လာပါပြီ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Diet လုပ်နေတယ်ဆို ကျန်းမာရေး လိုက်စားတယ်ပေါ့။ ခုနောက်ပိုင်းမှာ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကို ပိုပြီး စိတ်ဝင်စားလာကြပါပြီ။ ဘာကြောင့်လည်းဆိုတော့ ရောဂါတွေက ဖြစ်လာပြီဆိုရင် ပျောက်ဖို့ ခဲယည်းလာပြီကိုး။ ဥပမာ ဆီးချို၊ သွေးတိုးပဲ ကြည့်ရအောင်။ ဖြစ်ပြီဟေ့ဆို တစ်သက်လုံး ကုပေရော့ပဲ။ ဒါကြောင့် အစကတည်းက မဖြစ်အောင် ကြိုကာလာကြပါပြီ။
ဒါ့ပြင် ဒီလို ရောဂါတွေကို ကုသတဲ့နေရာမှာလည်း ဆေးချည်းသက်သက်ထက် အစားအသောက်၊ လေ့ကျင့်ခန်းလေး ကူတာက ပိုပြီး အထောက်အကူဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ အရင်ကတော့ တစ်ခုခုဆို ဆေးပဲပေး၊ ဆေးပဲထိုး။ အစားတွေ မလျှော့ချင်ဘူး။ လေ့ကျင့်ခန်း မလုပ်တတ်ဘူးလို့ စောဒက တက်ကြပေမယ့် ဒါတွေကသာ ရောဂါထိန်းချုပ်တဲ့နေရာမှာ စရိတ်စကနည်းနည်းနဲ့ တကယ်ထိရောက်တာကို တွေ့ရှိလာကြပါပြီ။
အစားအသောက်ဆိုရင်လည်း ဒီလိုပါပဲ။ အရင်က ဗိုက်ပြည့်ရုံ၊ အားရှိရုံစားရာကနေ ကျန်းမာရေးအတွက် စားတယ်ဆိုတဲ့ အဆင့်ကို ကူးပြောင်းလာပါပြီ။ ဒါကြောင့်လည်း စနစ်တကျတွက်ချက်ပြီး စားရတဲ့ Dietတွေ အများကြီး ပေါ်လာပါတယ်။
Dietလို့ ပြောလိုက်ရင် ဝိတ်ချတယ်လောက်ပဲ မြင်ကြပါတယ်။ တကယ်တော့ Dietက ဒီထက်ကျယ်ပြန့်ပါတယ်။ ဝိတ်အတက်အကျလုပ်တာအပြင် ရောဂါကြောင့် စားနေရတဲ့ အစားအစာပုံစံတွေ၊ ယုံကြည်မှုအရ စားတဲ့ပုံစံတွေ အားလုံး Dietထဲမှာ အကျုံးဝင်ပါတယ်။ ဥပမာ ပြောရရင်
ကီတို Dietတို့၊ အချိန်နဲ့ အစားအငတ်ခံတဲ့ intermittent fasting
သွေးတိုးအတွက် DASH Diet၊ ဆီးချိုအတွက် Diet၊ ကျောက်ကပ်မကောင်းတဲ့သူတွေအတွက် Diet၊
- ဓာတ်မတည့်ရောဂါရှိသူတွေအတွက်
ဂလူတန်ရှောင် Diet၊ လက်တို့စ်ရှောင် Diet
- နောက်ဆုံး ယုံကြည်မှုအရ စားတဲ့ Diet
halal စားတာတွေ၊ သက်သတ်လွတ်စားတာတွေ
ဒါကြောင့် Dietက ထင်ထားတာထက် အများကြီး ကျယ်ပြန့်ပါတယ်။ ဒီထဲကမှ ဥပမာတချို့ကို ပြန်ကြည့်ရအောင်။
နာမည်ကြီး Dietများ
ဝိတ်ချဖို့အပြင် အတက်ရောဂါတွေကို ကုသတဲ့နေရာမှာပါ ထိရောက်တဲ့ Dietအမျိုးအစား ဖြစ်ပါတယ်။ စားတဲ့ပုံစံကတော့ ကာဘိုဟိုက်ဒရိတ်ကို လျှော့ပြီး အဆီကို တိုးစားတဲ့ ပုံစံပါ။ အဆီဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ (ဥပမာ အစေ့အဆန်တွေ၊ ထောပတ်သီး၊ အုန်းသီး)ကို စားပေးရမှာပါ။ သူ့ရဲ့ အားနည်းချက်ကတော့ အဆီတွေကို ဖြိုသုံးတဲ့ နေရာမှာ ကီတုန်းတွေ ထွက်ပြီး ketosisဖြစ်တတ်ပါတယ်။
Dietary Approaches to Stop Hypertensionလို့ ခေါ်တဲ့ DASH Dietဟာ သွေးတိုးသမားတွေ တစ်သက်တာ စားသင့်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သွေးတိုးစေတဲ့ ဆိုဒီယမ်ပါတဲ့ အစားအစာတွေကို လျှော့စားစေပြီး သွေးတိုးကျအောင် ကူညီပေးနိုင်တဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေကို ပိုစားပေးဖို့ပဲ ဖြစ်ပါတယ်။
Standard DASHမှာ ဆိုရင် တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထိ ခွင့်ပြုထားပြီး Low sodium DASHမှာဆိုရင်တော့ တစ်နေ့ကို ၁၅၀၀ပဲ စားလို့ရပါတယ်။ နှစ်ခုလုံးမှာတော့ ကောက်နှံ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို စားဖို့ ခွင့်ပြုထားပါတယ်။ ဒါ့ပြင် အသား၊ ငါး၊ ပဲနဲ့ အစေ့အဆန်တွေကိုလည်း တစ်ပတ်မှာ အကြိမ်အနည်းငယ် စားပေးနိုင်ပါတယ်။
အနီရောင်အသား၊ အချိုနဲ့ အဆီကို အနည်းငယ်ပဲ စားလို့ရပါတယ်။ DASH Dietမှာ ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေကို ရှောင်ခိုင်းထားပါတယ်။
Celiac diseaseလို့ ခေါ်တဲ့ အူရောဂါဟာ လူ၁၀၀မှာ ၁ယောက်လောက် ဖြစ်တတ်တဲ့ မျိုးဗီဇနဲ့ဆိုင်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါပါ။ ဒီလူနာတွေဟာ ဂလူတန်ကို ရှောင်စားရပါတယ်။ ဂလူတန်စားမိရင် ခုခံအားက မှားပြီးတိုက်ခိုကတာကြောင့် အူသိမ်တွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ဂလူတန်ကြွယ်ဝတဲ့ ဂျုံတွေ၊ ဘာလီတွေကို ရှောင်ထားတဲ့ diet planကို စားရပါတယ်။
မြန်မာလိုတော့ သက်သတ်လွတ်စားတယ်ဆို အသားရှောင် အရွက်စားပေါ့။ တကယ်က သက်သတ်လွတ်မှာလည်း အမျိုးမျိုးရှိပါတယ်။
-အသီးအရွက်၊ နို့နဲ့ ဥပါစားရင် vegetarian
တစ်ခါ အသီးအရွက်နဲ့ နို့ပဲစားပြီး ဥမစားရင် ovo vegetarians၊ အသီးအရွက်နဲ့ ဥပဲစားပြီး နို့ထွက်ပစ္စည်းတွေ ရှောင်ရင် lacto-vegetarians
-အသီးအရွက်ကလွဲပြီး တခြားတိရစ္ဆာန်ကရတဲ့ ဘာမှမစားရင် veganဆိုပြီး ထပ်ခွဲထားပါသေးတယ်။
Dietတွေကို ဘယ်လို ရွေးချယ်ကြမလဲ။
အစာကို ဆေးအဖြစ်စားနေတာကြောင့် အရသာထက် ကျန်းမာရေးနဲ့ သင့်တော်ပြီး ပြီးပြည့်စုံတဲ့ အာဟာရရဖို့ လိုပါတယ်။။ ကိုယ်နဲ့ လိုက်ဖက်တဲ့ Diet planဖြစ်ဖို့၊ ရေရှည်စားနိုင်ဖို့ လိုပါတယ်။ ဥပမာ ဝိတ်ချဖို့ဆိုရင် Diet planတွေ အများကြီး ရှိတာကြောင့် ဘယ်ဟာက ကိုယ်နဲ့ ကိုက်ညီမလဲ။ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်မလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Takeaways
Special dietပြောပေမယ့် တကယ်တော့ နေ့စဉ်စားနေကြအစားအစာတွေကို ကျန်းမာရေးနဲ့ ကိုက်ညီအောင်၊ ကိုယ့်လိုအပ်ချက်နဲ့ ပြည့်မှီအောင် (ဥပမာ ဝိတ်ချချင်တာလား၊ သွေးတိုးကျချင်တာလား စသဖြင့်) အနည်းငယ် ပြုပြင်ပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။ ကိုယ်လိုတာကို ပိုစား၊ မလိုတာကို လျှော့စားပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြုပြင်ထားတာပဲ ဖြစ်ပါတယ်။