brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထရိုင်ဂလစ်စထရိုက် နှင့် ကိုလက်စထရောများခြင်းအတွက် ဖြည့်စွက်စာများ

ဈေးကွက်ထဲက ဖြည့်စွက်စာအတော်များများဟာ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ကို ချပေးနိုင်တယ်လို့ အတိအလင်းကြော်ညာထားကြမှာ အသေအချာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဖြည့်စွက်စာတိုင်းက ကြော်ညာထားတဲ့အတိုင်း ပြည့်မီအောင်သိပ္ပံနည်းကျ ထုတ်လုပ်ထားတာ မဟုတ်တဲ့အတွက် ဘယ်ဖြည့်စွက်စာကိုမှ အညွှန်းဖတ်ရုံနဲ့ ယုံကြည်လို့မရပါဘူး။ သွေးတွင်း ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ပမာဏ မြင့်တက်နေသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေအကြောင်း ဒီဆောင်းပါးက ပြောပြသွားမှာ ဖြစ်ပါတယ်။

ထရိုင်ဂလစ်စထရိုက် နှင့် ကိုလက်စထရောများခြင်းအတွက် ဖြည့်စွက်စာများ

ငါးကြီးဆီ

Omega-3s (EPA နဲ့ DHA) ဟာ သွေးတွင်း ထရိုင်ဂလစ်စထရိုက်ပမာဏကို ၃၀ရာခိုင်နှုန်း လျော့ချပေးနိုင်တယ်လို့ သက်သေပြချက်တွေကတဆင့် သိရှိရပါတယ်။ နေ့စဉ် EPA နဲ့ DHA ၂၅၀ မီလီဂရမ် စားသုံးပေးခြင်းအားဖြင့် နှလုံးသွေးကြောရောဂါနဲ့ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးနိုင်ချေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ငါးကြီးဆီကို စားသုံးခြင်းအားဖြင့်လည်း အလားတူ အကျိုးရလဒ်မျိုး ရရှိနိုင်ပါတယ်။ ငါးကြီးဆီကို ၂ဂရမ် ကနေ ၄ဂရမ် နေ့စဉ် ပုံမှန်စားသုံးပေးရမှာ ဖြစ်ပါတယ်။ သွေးတွင်း ထရိုင်ဂလစ်စထရိုက်ပမာဏ အလွန်မြင့်တက်နေသူတွေကို ၎င်းတို့ရဲ့ ဆရာဝန်တွေက ငါးကြီးဆီစားသုံးဖို့ အကြံပြုနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ငါးကြီးဆီဖြည့်စွက်စာထဲမှာ ပြဒါးဓါတ်နဲ့ အခြားအဆိပ်အတောက်တွေ ပါလာနိုင်တာကို စိုးရိမ်နေကြသူတွေ ရှိပါတယ်။ ကိုယ်စားသုံးလိုက်တဲ့ ငါးကြီးဆီပမာဏနဲ့ ခန္ဓါကိုယ်က အမှန်တကယ် ထိထိရောက်ရောက် စုပ်ယူနိုင်မယ့် ပမာဏကိုလည်း နှိုင်းယှဉ်တွက်ဆဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်ငါးကြီးဆီဖြည့်စွက်စာကို ရွေးချယ်သင့်သလဲဆိုတာ သင့်ဆရာဝန်ကိုမေးပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

Niacin

Niacin ဆိုတာ ဗီတာမင် ဘီအုပ်စုဝင် အာဟာရဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ၎င်းက သင့်ခန္ဓါကိုယ်တွင်းက ကောင်းတဲ့ကိုလက်စထရော HDL နဲ့ မကောင်းတဲ့ကိုလက်စထရော LDL အချိုးအစားကို မျှတကောင်းမွန်စေပါတယ်။ ဒါပေမယ့် သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ပမာဏကို လျော့ချဖို့ဆိုရင် Niacin ကို ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်နိုင်တဲ့ အချိုးအစားနဲ့ သောက်သုံးရမှာဖြစ်တဲ့အတွက် သင့်ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။

Artichoke အရွက်ဖြင့် ပြုလုပ်သည့် ဖြည့်စွက်စာ

Artichoke အရွက်နဲ့ပြုလုပ်တဲ့ ဖြည့်စွက်စာဆိုတာကတော့ Cynara scolymus လို့ အမည်ရတဲ့ artichoke အပင်ရဲ့အရွက်ခြောက်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီဖြည့်စွက်စာရဲ့ သွေးတွင်းကိုလက်စထရောအပေါ် သက်ရောက်မှုကို သိပ္ပံနည်းကျသက်သေပြထားတဲ့ လေ့လာမှု များများစားစား မရှိသေးတဲ့အပြင် ပြုလုပ်ခဲ့ပြီးသား လေ့လာမှုတွေမှာတောင် ရေရေရာရာ တိတိကျကျ အဖြေမထွက်ခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်တုန်းက စမ်းသပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်နေတဲ့သူတွေကို ရက်သတ္တပတ် ၆ပတ်ကြာအောင် artichoke ဖြည့်စွက်စာကျွေးပြီး သွေးပြန်စစ်ကြည့်တဲ့အခါ မကောင်းတဲ့ကိုလက်စထရော LDL ပမာဏ ၂၃ရာခိုင်နှုန်း လျော့ကျသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် လတ်တလောမှာပြုလုပ်ခဲ့တဲ့ အလားတူလေ့လာမှုတစ်ခုမှာတော့ သိသာထင်ရှားတဲ့ရလဒ် မရရှိခဲ့ပါဘူး။ ဒီတော့ ကိုလက်စထရောလျော့ချဖို့ artichoke ဖြည့်စွက်စာစားမယ်ဆိုရင် အများကြီးမျှော်လင့်မထားဖို့ လိုပါတယ်။

အဓိကမှတ်သားသင့်သည့် အချက်အလက်များ

ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်စာဖြစ်စေ၊ ဆေးစာပါမှ ဝယ်ယူနိုင်တဲ့ ဖြည့်စွက်စာဖြစ်စေ ဘယ်အမျိုးအစားကိုမဆို အသုံးမပြုခင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဖြစ်နိုင်ရင် သင်လက်ရှိ သောက်သုံးနေသမျှ ဆေးဝါးနဲ့ ဖြည့်စွက်စာအားလုံးကို သင့်ဆရာဝန်ဆီ ယူသွားပြီး ပြသပါ။ ဘယ်ဖြည့်စွက်စာကမှ ကုသမှုအစီအစဉ်တစ်ခုလုံးကို အစားမထိုးနိုင်ဘူးဆိုတာ အမြဲသတိပြုပါ။ ဖြည့်စွက်စာဆိုတာ နာမည်အတိုင်းပဲ ကုသမှုအစီအစဉ်ကို ထပ်လောင်းအားဖြည့်ပေးတဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာ သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ပမာဏကို လျော့ချဖို့ အကောင်းဆုံးအစီအစဉ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရကိုသာ ရွေးချယ်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်း နဲ့ သင့်ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုသာ ပုံမှန်သောက်သုံးခြင်းတို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးမှုများ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Ye Mhan Linn · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။