တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက်စားရင် ဝိတ်တက်မယ်ဆိုတာလည်းသိတယ် ဗိုက်ကဆာနေတော့ မစားဘဲနေရင်လည်း အိပ်လို့ကမရ၊ ဒီနေ့စားလိုက်ရင် နောက်ရက် ဒီအချိန်ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေစားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက်ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။
အိပ်ခါနီးတိုင်း အစားစားတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ ။
( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။
ပရိုတင်းက ကစီဓာတ်ထက်စာရင် အဆီစုခြင်းကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံစေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓာတ်ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။
( ၂ ) အိပ်ချိန်မှန်ပါစေ။
ညဘက်အိပ်ရာဝင်တာနောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းတွေ အများအပြားထွက်လာတာကြောင့် ဗိုက်ဆာနေတော့မှာပါ။ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ချိန်အပိုင်းအခြား ည ၁ဝ နာရီကနေ မနက် ၃ နာရီအတွင်းရှိတာကြောင့် ညဘက်အစောဆုံး ၁၀ နာရီလောက်အိပ်ပါ။
( ၃ ) ရေနွေးနွေးလေးသောက်ပါ။
တစ်ခါတစ်လေကျရင် ရေဆာတာနဲ့ ဗိုက်ဆာတာနဲ့ကို မှားတတ်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးလေးမှာ ကဖင်းဓာတ်အများကြီးမပါတဲ့ လက်ဖက်စိမ်းရည်တို့၊ ရေနွေးနဲ့ သံပရာသီးစိမ်ထားတာတို့ကို သောက်ပေးပါ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားမှာ ဖြစ်သလို ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
နောက်ပြီး ခုပြောပြမယ့် အချက်တွေကိုလည်း လိုက်လုပ်ကြည့်လို့ရပါတယ်။
- ညစာစားပြီးပြီးချင်း သွားတိုက်ပါ။ ဒါမှ နောက်တစ်ခါ ထပ်သွားတိုက်ရမှာ ပျင်းပြီး မစားတော့မှာ ဖြစ်ပါတယ်။
- ကိုယ့်ရဲ့ ညစာထဲမှာ ပရိုတင်း၊ အသီးအရွက်တွေနဲ့ ကောက်ပဲသီးနှံတွေ ပါဖို့လိုပါတယ် ။ ဒါမှအဆာခံမှာ ဖြစ်ပါတယ်။
- အငတ်မခံပါနဲ့။ နည်းနည်းလေးစားပေးလို့ရပါတယ်။ အချိုကဲတဲ့သရေစားတွေအစား စပျစ်သီးတို့ အသီးအရွက်သုပ်တို့ စားပေးလို့ရပါတယ်။
- ညရောက်တိုင်း စားချင်နေတဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် စာဖတ်ပါ။ သီချင်းနားထောင်ပါ။
- အကျင့်တစ်ခုကို ဖျောက်ဖို့အတွက် အဲဒီအကျင့်ကို မလုပ်ဘဲနဲ့ ၂၈ ရက်လောက်နေမှ ရတာမို့ စိတ်ရှည်ဖို့တော့လိုပါတယ်။
[embed-health-tool-bmr]

















