backup og meta

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

ရာသီဥတုက သိပ်ပူလာတဲ့အခါ တစ်နေ့တစ်နေ့ ရေတွေ မကြာခဏသောက်မိကြတာ သဘာဝပါပဲ။ ချွေးတွေမကြာခဏထွက်တာမို့ ရေဓာတ်ဖြည့်တင်းပေးဖို့ ရေ မကြာခဏသောက်ပေးတာဟာ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

ဒါပေမယ့် ခုလို ပူပြင်းတဲ့ရာသီဥတုမျိုးမှာ အေးမြနေတဲ့ ရေခဲရေတွေ၊ ရေခဲသေတ္တာထဲမှာ အချိန်အတော်ကြာ အအေးခံထားတဲ့ အချိုရည်တွေကို သောက်သုံးရတာကို လူအတော်များများက နှစ်သက်တတ်ကြပါတယ်။

ပူလောင်နေတဲ့ နွေခေါင်ခေါင်ကြီးထဲ ရေခဲရေအေးအေး လေး ရင်ထဲကို အေးကနဲစီးဝင်သွားတဲ့အခါ ခံစားရတဲ့ စိတ်ကျေနပ်မှုကို ဘာနဲ့မှမတူဘူးမဟုတ်လား။

ဒါပေမယ့် သတိထားရမှာကတော့ အလွန်ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ရေခဲရေလို အလွန်အေးတဲ့ရေမျိုးတွေကို သောက်သုံးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားတာပါပဲ။

ရေခဲရေအေးအေး ဘာလို့မသောက်သင့်တာလဲ

လူတော်တော်များများက အရမ်းတွေ ရာသီဥတု ပူလောင်လာပြီဆိုရင် ဒါမှမဟုတ် နေပူပူ အပြင်တစ်နေရာရာကနေ ပြန်လာပြီဆိုရင် အရင်ဆုံးပြေးကြတာက မီးဖိုချောင်က ရေခဲသေတ္တာဆီကိုပဲ မဟုတ်လား။ ရေခဲသေတ္တာလေးကို ဖွင့်ပြီး ရေခဲရေအေးအေး လေးကို အငမ်းမရမော့သောက်။ တချို့များဆို ရေခဲသေတ္တာကိုဖွင့်ပြီး ငုတ်တုပ်ထိုင် အအေးခံတာမျိုးတောင် ရှိသေးတယ်လေ။

ခုဆို ရန်ကုန်မှာ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်လောက်ဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ အပူဒဏ်ကို သက်သာစေဖို့ လူတိုင်းက နည်းလမ်းမျိုးစုံသုံးပြီး ကာကွယ်နေကြတာပါ။ ဒီနည်းလမ်းတွေထဲမှာ ရေခဲရေသောက်တာကတော့ ထိပ်ဆုံးနဲ့ အသုံးအများဆုံးနည်းလမ်းပါပဲ။

တတ်နိုင်သမျှ ရေကို မိမိရှိနေတဲ့ အခန်းရဲ့ အပူချိန်နဲ့ ချိန်ညှိပြီးသောက်သုံးသင့်ပါတယ်။ အလွန်ပူပြင်းတဲ့အချိန်တွေမှာ ရေခဲရေအေးအေးကို တတ်နိုင်သမျှ ရှောင်ရှားပြီး သောက်သုံးသင့်ပါတယ်။ အရမ်းအေးတာတွေကို အလွန်အကျွံသောက်သုံးရင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ရနိုင်တာကြောင့်ပါ။

ဘာကြောင့်လဲဆိုတာကို ဆက်ပြောပြမယ်နော်။

အစာခြေဖျက်မှုစနစ်ကို ကန့်သတ်ပစ်နိုင်တယ်

အရမ်းအေးတဲ့ ရေခဲရေမျိုးကို သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက သွေးလွှတ်ကြောတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အပူချိန်က ၃၇ ဒီဂရီ C ပါ။ ရေခဲရေက ခန္ဓာကိုယ်ရဲ့ ဒီအပူချိန်ကို လျှော့ချပေးလိုက်တဲ့အခါ သင့်ရဲ့ အစာခြေဖျက်မှုစနစ်နဲ့ အာဟာရဓာတ်ကို စုပ်ယူနိုင်စွမ်းတွေဟာ အကန့်အသတ်နဲ့သာ စွမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။

လည်ချောင်းနာမယ်

လူကြီးတွေက မကြာခဏပြောတတ်ပါတယ်။ ရေခဲရေ မသောက်ကြနဲ့ လည်ချောင်းနာမယ်ဆိုတာမျိုးလေ။ တကယ်လည်း အလွန်ပူပြင်းနေချိန်မှာ ရေခဲရေသောက်သုံးတာဟာ လည်ချောင်းနာတာနဲ့ နှာခေါင်းပိတ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ရေခဲရေက ချွဲသလိပ်တွေကို ပိုပြီးဖြစ်ပေါ်စေပြီး အသက်ရှူလမ်းကြောင်းကို အနှောင့်အယှက်ပေးတာကြောင့်ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ဝေဒနာတွေကို ဖိတ်ခေါ်သလိုဖြစ်စေနိုင်ပါတယ်။

အဆီတွေကို စုဝေးစေတယ်

ရေခဲရေ အေးအေးဟာ ကိုယ်မှီဝဲထားသမျှ အစားအစာတွေဆီက အဆီဓာတ်တွေကို အနည်ထိုင်စုဝေးစေပြီး အဝလွန်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို အကျိုးမဖြစ်ထွန်းစေတဲ့ အဆီမျိုးတွေပေါ့။

နှလုံးခုန်နှုန်းကို မူမမှန်ဖြစ်စေနိုင်တယ်

လေ့လာချက်တွေအရ ရေခဲရေသောက်သုံးတဲ့အခါမှာ နှလုံးခုန်နှုန်းကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ရေခဲရေဟာ vagus nerve လိုမျိုး နှလုံးထဲက အာရုံကြောတစ်ချို့ကို နှိုးဆွပေးနိုင်ပါတယ်။ ဒီအာရုံကြောဟာ ခန္ဓာကိုယ်ရဲ့ သီးသန့်အာရုံကြောစနစ်ထဲမှာပါဝင်နေပြီး နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် ကြားဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ရေခဲရေ များများသောက်လေ ခန္ဓာကိုယ်အပူချိန်ကျဆင်းလေဖြစ်ပြီး နှလုံးခုန်နှုန်းလည်း နှေးလာလေလေဖြစ်ရတာပါ။

ဗိုက်အောင့်နိုင်တယ်

ပူပြင်းတဲ့အချိန်မှာသာ မကပါဘူး၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေမျိုးမှာ ရေခဲရေသောက်တာဟာ အစာအိမ်နာကျင်တာ၊ အောင့်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ ရေခပ်နွေးနွေးတစ်ခွက်သောက်ဖို့ လေ့ကျင့်ခန်းဆရာတွေက လမ်းညွှန်တတ်ကြတာဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ပူပြင်းလွန်းတဲ့အချိန်တွေမှာ ရေခဲရေ အေးစက်စက်ကြီးတွေကို သတိထားပြီး သောက်သုံးသင့်တယ်လို့ ပြောနေရတာဖြစ်ပါတယ်။ တကယ်လို့ အလွန်ပူပြင်းနေချိန်မှာ ရေဆာလာတယ်ဆိုရင် သဘာဝအတိုင်း အအေးခံထားတဲ့ ရေမျိုးနဲ့ အလွန်အေးစက်မနေတဲ့ ရေမျိုးကိုသာ သောက်သုံးသင့်ပါတယ်နော်။

ကဲ ……. ဒီအချက်တွေကြောင့် အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး မသောက်ဖို့ ပြောရတာပါ။ ကိုယ်တိုင်ရော မိသားစုဝင်တွေကို ရေခဲရေ မသောက်မိအောင် သေချာလေး ဂရုစိုက်ပေးစေချင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/is-drinking-cold-water-bad-for-you#takeaway

https://food.ndtv.com/food-drinks/why-you-shouldnt-drink-chilled-water-5-reasons-to-quit-the-habit-1686599

https://www.researchgate.net/post/Drink_cold_or_warm_water_what_is_best_for_your_health

ယခုပုံစံ

03/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ