brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Green Tea ကို ဘယ်လောက်သောက်သင့်သလဲ

Green Tea ဟာ ရုက္ခဗေဒအမည် Camellia sinensis လို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးများ သောက်သုံးတဲ့ လက်ဖက်ရည်ကြမ်းနဲ့လည်း သဘောတရားအတူတူပဲ ဖြစ်ပါတယ်။ Green tea ကို တော့ လက်ဖက်စိမ်း လက်ဖက်ရည်လို့လည်း ညွှန်းကြပါတယ်။

Green Tea ကို ဘယ်လောက်သောက်သင့်သလဲ

Green Tea သောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ ဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဒါဆိုရင် နေ့စဉ် လက်ဖက်ရည်ကြမ်း Green Tea ကို များများသောက်နိုင်လေ၊ ပိုကောင်းလေလား။ Green Tea ကို ဘယ်လောက်သောက်သင့်သလဲ။

ဒီနေရာမှာ စဉ်းစားဖို့က ဘယ်နေရာမှာမဆို တန်ဆေး လွန်ဘေး ဆိုတဲ့သဘောတရား ရှိနေတယ်ဆိုတာပါပဲ။

လက်ဖက်ရည်ကြမ်း Green Tea ကို သောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလား

လက်ဖက်ရည်ကြမ်း Green Tea သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အတော်များများ ကြားသိဖူးကြလို့ ဒီဆောင်းပါးမှာတော့ ထပ်ပြီး မဖော်ပြတော့ပါဘူး။ Green Tea ကြောင့်ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုး အချို့ကိုပဲ ဖော်ပြပေးသွားလိုပါတယ်။

  • သံဓါတ်စုပ်ယူမှု လျော့ကျစေခြင်း

Green tea မှာ ပါဝင်တဲ့ တန်နင်ဆိုတဲ့ ဓါတ်ပစ္စည်းဟာ သင့်ကိုယ်ခန္ဓါကနေ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေပါတယ်။ တော်သင့်ရုံသောက်သုံးခြင်းဟာ ပြသနာမရှိပေမယ့် စွဲစွဲမြဲမြဲသောက်သုံးနေသူများ အနေနဲ့ သတိချပ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေ၊ သက်သတ်လွတ်စားသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဓမ္မတာကာလကြုံနေသူ အမျိုးသမီးတွေ၊ ကလေးငယ်တွေဟာ green tea ကို အထူးသတိပြုသောက်သုံးသင့်ပါတယ်။

သုတေသနအချို့အရ ထမင်းစားနေတုန်း လက်ဖက်ရည်ကြမ်း သောက်သုံးတာက သံဓါတ်စုပ်ယူမှုကို ၃၀-၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

ဒါကြောင့် သံဓါတ်အခံ အားနည်းသူများ၊ သွေးအားနည်းသူများဟာ ထမင်းစားနေစဉ်မှာ လက်ဖက်ရည်ကြမ်း မသောက်သုံးသင့်ပါဘူး။ အစာစားပြီး တစ်နာရီလောက်ခြားပြီးမှ လက်ဖက်ရည်ကြမ်း သောက်သင့်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆိုရရင် လက်ဖက်ရည်ကြမ်းသောက်ထားချိန်မှာလည်း တစ်နာရီလောက်နေပြီးမှ ထမင်းစားသင့်တယ်လို့ ဆိုပါတယ်။

  • ကဖိန်း၏ အကျိုးသက်ရောက်မှု

Greent tea မှာလည်း ကဖိန်းဓါတ်ပါဝင်တာမို့ လွန်ကဲစွာသောက်သုံးရင် စိတ်ပူပန်ခြင်းအိပ်မပျော်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေ ဖြစ်ပေါ်လာတတ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကဖိန်းဓါတ်အများအပြား သောက်သုံးမိရင် ကလေးမှာမွေးရာချို့ယွင်းချက် ဖြစ်ပေါ်နိုင်ခြေ၊ ကလေးပျက်ကျနိုင်ခြေ မြင့်စေတယ်လို့ ဆိုပါတယ်။ သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တစ်နေ့ကို ကဖိန်းဓါတ် ၃၀၀ မီလီဂရမ်အထက် မကျော်လွန်သင့်ဘူးလို့ ဆိုပါတယ်။

Green tea တစ်ခွက်မှာတော့ ပျမ်းမျှအားဖြင့် ကဖိန်းဓါတ် ၂၀နဲ့ ၄၀ မီလီဂရမ်အကြား ပါဝင်တယ်လို့ သိရပါတယ်။

  • တစ်နေ့ကို ဘယ်လောက်သောက်သုံးသင့်သလဲ

ဖော်ပြခဲ့ပြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လွန်ကဲစွာ သောက်သုံးမှသာ ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နှုန်းထားလောက်ကို သောက်သုံးသင့်သလဲဆိုတာ သိထားသင့်ပါတယ်။

သုတေသနတွေအရ တစ်နေ့တာသောက်သုံးသင့်တဲ့ green tea ပမာဏကတော့ ၃ခွက်ကနေ ၅ခွက်အထိ ဖြစ်ပါတယ်။ များသောအားဖြင့် Green tea သောက်သုံးခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ဆိုးကျိုးတွေထက်စာရင် အလွန်များပြားပါတယ်။ ဒါပေမယ့် ဘယ်နေရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားရပ်ကို အမှတ်ရသင့်ပါတယ်။

Green Tea ကို ဘယ်လောက်သောက်သင့်သလဲ ဆိုတာကို သိသွားပြီ ဆိုတော့ Green tea ကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဖြင့် မိမိကျန်းမာရေးကို မြှင့်တင်ကြပါစို့။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။