brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဝလွန်ခြင်းနဲ့ ဦးနှောက်ကျုံ့ခြင်း ဆက်နွှယ်နေ

အဝလွန်တဲ့ သက်လတ်ပိုင်းအရွယ်တွေမှာ ဦးနှောက်တစ်ရှူးတွေ ကျုံ့နေတာတွေ့ရတယ်လို့ဗြိတိန်သုတေသနတစ်ခုကလေ့လာတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗိုက်မှာအဆီပိုတွေစုနေတဲ့သူတွေမှာပိုဆိုးတယ်လို့ ဆိုပါတယ်။

အဝလွန်ခြင်းနဲ့  ဦးနှောက်ကျုံ့ခြင်း ဆက်နွှယ်နေ

အဝလွန်သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ယှဉ်ရင် ဦးနှောက်ရဲ့ gray matter အရွယ်အစားကျုံ့နေတာကို အင်္ဂလန် Loughborough University သုတေသနအဖွဲ့က တွေ့ရှိခဲ့တာပါ။Gray matter မှာ ဦးနှောက်ရဲ့အာရုံကြောဆဲလ်အများစုပါဝင်နေတာဖြစ်ပြီး White matter မှာတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကိုချိတ်ဆက်ပေးတဲ့အာရုံကြောမျှင်တွေပါရှိပါတယ်။

အရင်သုတေသနမှာတော့gray matter ကျုံ့ခြင်းက dementia (ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ)ဖြစ်နိုင်ခြေပိုများစေတယ်လို့ ဆက်နွှယ်မှုကိုတွေ့ရှိထားပါတယ်။ ဒါပေမယ့် ဒီသုတေသနမှာတော့ ဆက်နွှယ်မှုကိုသာတွေ့ရှိတာဖြစ်ပြီး အချိန်ကြာရှည်လေ့လာထားတာမဟုတ်တဲ့အတွက် အဝလွန်ခြင်းက ဦးနှောက်ကျုံ့စေတယ်လို့ သက်သေမပြနိုင်သေးပါဘူးလို့ ဦးဆောင်တဲ့သုတေသီMark Hamer ကပြောပါတယ်။

အသက် ၅၅ နှစ်အရွယ် လူဦးရေ ၉၆၅၂ ဦးကိုလေ့လာခဲ့တာဖြစ်ပြီး သူတို့ထဲက ၁၉ ရာခိုင်နှုန်းက အဝလွန်နေသူတွေဖြစ်ပါတယ်။ ဦးနှြေက် MRI စကင်န်စစ်ဆေးတဲ့အခါ အဝလွန်နေတဲ့သူတွေမှာ gray matter အရွယ်အစား ကျုံ့နေတာတွေ့ရပါတယ်။

ဘာလို့ ဒီလိုဖြစ်ရလဲဆိုတော့ဖြစ်နိုင်ခြေတစ်ခုကို Harmerကပြောပြပါတယ်။ အဝလွန်ခြင်းနဲ့ သူရဲ့နောက်ဆက်တွဲအဖော်တွေ(သွေးတိုး၊ဆီးချိုတို့လို) က နှလုံးနဲ့သွေးကြောတွေကိုထိခိုက်စေနိုင်လို့ ဦးနှောက်ကိုသွေးပို့လွှတ်မှုအပေါ် သက်ရောက်မှုရှိစေတာဖြစ်နိုင်ပါတယ်။

သုတေသနအဖွဲ့က ဒီလူတွေမှာ နှလုံးရောဂါ၊ဆီးချိုရောဂါနဲ့သွေးတိုးရှိမရှိ၊ဆေးလိပ်သောက်သလား၊ အရက်သောက်သလား၊ ကိုယ်လက်လှုပ်ရှားမှုရှိသလားဆိုတာကို ဆက်လေ့လာခဲ့တာတောင်မှ အဝလွန်တာတစ်ခုတည်းကနေပဲ gray matter ကျုံ့ခြင်းနဲ့ဆက်နွှယ်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် တခြားဆက်လေ့လာစရာတွေရှိနေနိုင်သေးတယ်လို့ ဆိုတာပါ။

အဆီတစ်ရှူးတွေက ဦးနှောက်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဟော်မုန်းအမျိုးမျိုးကိုထွက်ရှိစေတာကြောင့်လည်းဖြစ်နိုင်တယ်လို့ သုတေသနက အဆိုပြုထားပါတယ်။

ဒီသုတေသနအကြောင်းကို Neurology ဂျာနယ် မ ဇန်နဝါရီ ၉ ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 02/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။