brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား

ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား

ပင်လယ်စာတွေလို့ ပြောလိုက်ရင် အရင်ဆုံး သတိရမိမှာက ဂဏန်းပဲ ဖြစ်မှာပါ။ ခုဆိုရင် ပင်လယ်စာဆိုင် တော်တော်များများလည်း ရှိလာပြီဖြစ်ပြီး ဂဏန်းကို အစပ်ချက်၊ ဂဏန်းပေါင်း၊ ဂဏန်းခွက်ကြော်နဲ့ အမျိုးအမည် စုံအောင်ကို ချက်ပြုတ်စားလို့ ရပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်ပြီး စားသုံးကြတဲ့ ဂဏန်းက ကျန်းမာရေးနဲ့ ညီညွတ်လား၊ ကျန်းမာရေးအတွက် ကောင်းလားဆိုရင်တော့ ကောင်းပါတယ်၊ စားပေးဖို့ လိုအပ်တယ်လို့ ဖြေရမှာပါ။ ဂဏန်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေအများကြီးပါပဲ။ Hello ဆရာဝန်ပရိသတ်တွေ ဘာတွေလဲဆိုတာသိရအောင် ဖတ်ကြည့်ပါဦးနော်။

ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား

ဂဏန်းမှာ Omega 3 fatty acid တွေ များများ ပါဝင်ပြီး ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးဖိအား များတာ၊ နှလုံအားနည်းတာတွေကို ကာကွယ်ပေးတဲ့ အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ အစားအစာတွေကရတဲ့ အာဟာရဆိုတာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကို အထောက်အကူ ပြုဖို့ အဓိကပါ။ ဂဏန်းမှာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်တဲ့ Selenium ပါဝင်ပါတယ်နော်။ ဒီလိုမျိုး ကိုယ်ခံအားစနစ် ကောင်းမွန်နေမယ်ဆိုရင်တော့ နာတာရှည် ရောဂါတွေနဲ့ ခန္ဓါကိုယ်ကို နာကျင်စေတဲ့ free radical တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းအသားဟာ ဓါတ်တိုးဆန့်ကျင်မှုတွေကိုလည်း ထုတ်လုပ်ပေးသေးတာမို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ဂဏန်းမှာ ကော့ပါးဓါတ်လည်း ပါဝင်တာမို့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်နိုင်အောင် အထောက်အပံ့ပေးပါတယ်။ ကော့ပါးဓါတ်များတာဟာ သံဓါတ် စုပ်ယူမှုအားကောင်းစေတာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ခြင်း၊ သွေးလည်ပတ်မှု အားကောင်းခြင်းတွေ ဖြစ်စေပါတယ်။ အနာတရ ဖြစ်ခြင်းတွေကြောင့် ဆဲလ်သေတွေ ရှိနေရင်လည်း ဆဲလ်အသစ် ပြန်လည် ဖြစ်ဖို့ ကူညီပါတယ်။

ဂဏန်းဟာ ပရိုတင်းဓါတ် ရရှိဖို့ အရင်းအမြစ် တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ အားအင် ပြည့်ဝဖို့ လိုအပ်နေသလို ခံစားနေရရင်တော့ ဂဏန်းလေး စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂဏန်းမှာ စတီးရွိုက်နဲ့ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ခြင်းအတွက် အရေးပါတဲ့ ဗီတာမင် B2လည်း ပါဝင်တာမို့ အသားအရေ ကောင်းဖို့ ထိန်းသိမ်းပေးခြင်း၊ အမြင်အာရုံနဲ့ ဦးနှောက်အာရုံကြော စနစ်တွေ တိုးတက်ကြီးထွားဖို့ အထောက်အကူပြုပါတယ်နော်။ ဗီတာမင် B2 ဟာ အစာခြေလမ်းကြောင်းအတွက် သံဓါတ်စုပ်ယူမှု အားကောင်ပြီး ဓါတ်တိုးဆန့်ကျင်မှုတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးပါတယ်။

အရိုး ကျန်းမာရေး ကောင်းဖို့ဆိုရင် အားလုံးက ကယ်လ်စီယမ်ဓါတ် ရှိဖို့လိုတယ်လို့ တွေးပြီးသား ဖြစ်မှာပါ။ ကယ်လ်စီယမ်လိုပဲ အရိုးကို အားကောင်းစေတဲ့ နောက်ထပ် ဗီတာမင် ဓါတ်တစ်မျိုးကတော့ ဖော့စဖောရပ်ပါ။ ဂဏန်းမှာ ပြည့်ပြည့်ဝဝ ပါဝင်တာမို့ အရိုးနဲ့ သွားရဲ့ ကျန်းမာရေးကို စိတ်ပူစရာ မလိုပါဘူး။

သတိပြုရမယ့်အချက်

ဂဏန်းဟာ ဆိုဒီယမ်ပါဝင်မှု များတဲ့ ပင်လယ်စာ တစ်မျိုးဖြစ်ပြီး ကိုလက်စထရောလည်း ပါဝင်ပါတယ်။ ကိုလက်စထရော ပမာဏ များနေခြင်း ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်ဆိုရင်တော့ ဂဏန်းစားလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီရောဂါ ရှိတယ်ဆိုရင်တော့ ဆရာဝန် ခွင့်ပြုချက်ရမှ စားတာ အကောင်းဆုံးပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Eaindray Kha · 02/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။