brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား

အာလူး လေးတွေကို ဝယ်ပြီး မချက်ပြုတ်ဖြစ်ဘဲ ကြာလာတဲ့အခါမှာ အတက်လေးတွေထွက်လာတာကို တွေ့ဖူးကြမှာပါ။ အဲလို အတက်လေးတွေ ထွက်လာတဲ့ အာလူးလေးတွေကို စားမယ်ဆိုရင် အန္တရာယ်ရှိလား၊ မရှိလားဆိုပြီး အတွေးလေးတွေ ဖြစ်မိတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ အာလူးနဲ့ ကျန်းမာရေးအကြောင်းကို မျှဝေပေးသွားမှာပါ။

အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား

အာလူးဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာလူးကို ကြော်စား၊ ချက်စား၊ ပေါင်းစား၊ ကင်စား စတဲ့ နည်းလမ်းမျိုးစုံနဲ့ အစားအသောက်မျိုးစုံမှာ ထည့်သွင်းစားသုံးကြပါတယ်။ အာလူးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid သဘာဝပစ္စည်းလေးနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီပစ္စည်းလေးတွေဟာ အနည်းငယ်ပဲ စားသုံးမယ်ဆိုရင်တော့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ သွေးတွင်း အဆီဓာတ်နဲ့ အချိုဓာတ်တွေကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပေမယ့် အရမ်းအများကြီး ဖြစ်သွားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ ပုံမှန် မပုပ်နေ၊ မစိမ်းနေ၊ အတက်မထွက်နေတဲ့ အာလူးမှာ အဲဒီ သဘာဝပစ္စည်းလေးတွေက ပါသင့်သလောက် အနည်းငယ်ပဲပါပေမယ့် အတက်လေးတွေထွက်လာတဲ့အခါမှာ glycoalkaloid ပမာဏဟာ ပုံမှန်ထက် ပိုများလာပါတယ်။

အာလူး ရဲ့ ဘယ်အစိတ်အပိုင်းမှာ glycoalkaloids ပမာဏ ပိုများသလဲ။

အာလူးတစ်ခုလုံးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid လေးတွေပါဝင်ပေမယ့် ပမာဏ အများဆုံးရှိနိုင်တဲ့ နေရာတွေကတော့ အာလူးရဲ့ မျက်လုံးလို နေရာလေးတွေ၊ အတက်လေးတွေ၊ စိမ်းနေတဲ့နေရာလေးတွေ နဲ့ အရွက်တွေမှာပဲဖြစ်ပါတယ်။ အနည်းဆုံးကတော့ အာလူးရဲ့ အတွင်းသားလေးတွေပဲ ဖြစ်ပါတယ်။

အတက်တွေကို ဖယ်ပြီးစားရင်ရော အန္တရာယ်နိုင်သေးလား။

အရှေ့မှာ ဖော်ပြခဲ့သလို glycoalkaloid ပမာဏများတဲ့ အတက်၊ အရွက်၊မျက်လုံးနဲ့ စိမ်းနေတဲ့ နေရာလေးတွေကို ဖယ်ပြီးမှ စားမယ်ဆိုရင်တော့ အဆိပ်အတောက် ပမာဏကို နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် အခွံကို သေချာနွှာမယ်၊ ကျက်အောင် ကြော်ပြီးမှ စားမယ်ဆိုရင်လည်း glycoalkaloid ပမာဏနည်းသွားစေနိုင်တယ်လို့ ပြောထားပေမယ့် ပိုပြီး တိကျသေချာတဲ့ လေ့လာချက်တွေ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့် အာလူးတွေက စိမ်းနေပြီ၊ အတက်တွေ ထွက်လာပြီဆိုရင်တော့ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

အတက်အလက်တွေရှိတဲ့ အာလူးတွေ၊ glycoalkaloid များတဲ့ နေရာတွေကို စားမိရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်လဲ။

ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ စားမိတဲ့ ပမာဏအပေါ်မူတည်ပါတယ်။

၁။ အနည်းငယ်ပဲစားမိတယ်ဆိုရင်တော့ အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်း လောက်ပဲ ဖြစ်နိုင်ပေမယ့်

၂။ အများကြီး စားမိလိုက်မယ်ဆိုရင်တော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း နဲ့ အချို့သူတွေမှာ အရမ်းဆိုးရွားရင် အသက်အန္တရာယ် ရှိလာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အာလူး တွေကို ဘယ်လို နည်းလမ်းတွေနဲ့ သိမ်းဆည်းထားသင့်သလဲ။

အာလူးတွေကို အေးမြခြောက်သွေ့ပြီး နေရောင်နဲ့တိုက်ရိုက်မထိတွေ့နိုင်တဲ့ မှောင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းမယ်ဆိုရင် glycoalkaloid ပမာဏနည်းစေပြီး အတက်အလက်ထွက်တာကိုလည်း နည်းစေပါတယ်။ ပုပ်နေတဲ့ အာလူးတွေရှိမယ်ဆိုရင်လည်း သေသေချာချာဖယ်ပြီး ကျန်တဲ့ အာလူးအကောင်းတွေကို သေချာခြောက်အောင် ထားပြီး သိမ်းထားသင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်နီတွေ နဲ့လည်း အတူတူထားပြီး မသိုလှောင်ထားသင့်ပါဘူး။ ဒီလိုနည်းမှန်လမ်းမှန်နဲ့ သိမ်းမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုပြိး အထောက်အကူပြုမှာပါ။

နောက်ဆုံးအချက်အနေနဲ့ အာလူးတွေကို လိုအပ်သလောက်ပဲ ဝယ်ပြီး စားသုံးတာက အကောင်းဆုံးဖြစ်တဲ့အတွက် မလိုအပ်ဘဲ အများကြီးဝယ်ပြီး အကြာကြီး သိုလှောင်ထားတာတွေကို ရှောင်ကြဖို့ အတက်အလက်တွေထွက်လာတဲ့ အာလူးတွေကို၊ စိမ်းနေတာတွေကို ဖြစ်နိုင်ရင် မစားကြဖို့ အကြံပေးချင်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။