brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သရက်သီးစားပါ၊ ကျန်းမာပါလိမ့်မယ်

သရက်သီးလို့ ဆိုလိုက်တာနဲ့ အစိမ်းစားရမလား၊ ငပိရည်လေးနဲ့ အတို့အမြှုပ်လုပ်စားရမလား၊ သုပ်စားရမလား၊ ကြော်စားရမလား၊ အမှည့်အတိုင်းစားရမလားဆိုပြီး ခေါင်းထဲ စားပုံစားနည်းလေးတွေ အလျှိုလျှိုပေါ်လာမယ်ထင်ပါတယ်။

သရက်သီးစားပါ၊ ကျန်းမာပါလိမ့်မယ်

သရက်သီးဟာ မြန်မာတွေနဲ့ အလွန်ရင်းနှီးတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီတွေ ပုံပြင်တွေအရဆိုရင်လည်း အသီးမှာ သရက်ဆိုပြီး အကောင်းဆုံးသစ်သီးအဖြစ် တင်စားတတ်ကြပါသေးတယ်။

စိမ်းဖန့်ဖန့် သရက်သီး အစိမ်းလေးပဲဖြစ်ဖြစ်၊ လိမ္မော်ရောင်ဝင်းနေတဲ့ သရက်သီးမှည့်လေးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာမဆို သရက်သီးဆိုတဲ့ အသံကြားရုံနဲ့ မြန်မာတွေကတော့ တံတွေးကို ဂလုခနဲမျိုးချပြီး စားချင်စိတ်ပေါ်လာတတ်ကြတာကတော့ အတူတူပါပဲ။

ခုလို COVID-19 ဝေဒနာဆိုးကြီး လူတိုင်းကို ချိန်းခြောက်နေတဲ့ကာလမျိုးမှာ သရက်သီးစားရင် ရောဂါကာကွယ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ပေါ်ထွက်နေပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သရက်သီးကြိုက်တဲ့လူတွေအတွက်တော့ စားစရာ အကြောင်းပြချက်ကောင်းဖြစ်နေမှာ အမှန်ပဲနော်။

တကယ်တော့ သရက်သီးဟာ လူကို ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ အသီးအနှံဆိုတာ အမှန်ပါပဲ။ COVID ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေမရှိပေမယ့် တခြားကျန်းမာရေး အခြေအနေတွေကိုတော့ အထောက်အကူပြုနိုင်တာ အမှန်ပါပဲ။ ဘာတွေလဲဆိုတာရင်တော့ –

အစာခြေဖျက်နိုင်စွမ်း

သရက်သီးရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်စွမ်းက အစာခြေစနစ်ကို ကောင်းမွန်စေတာပါပဲ။ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေကြွယ်ဝတဲ့ သရက်သီးဟာ အစာခြေစနစ်ကို အကောင်းဆုံး ကျန်းမာစေပါတယ်။ အမျှင်ဓာတ်ကြောင့် သွေးတိုးသမားတွေအတွက် အထောက်အကူကောင်းဖြစ်ပါတယ်။

အူ

‘Healing Foods’ ဆိုတဲ့ စာအုပ်ရဲ့ အဆိုအရဆိုရင် လတ်ဆတ်တဲ့ သရက်သီးမှာ prebiotic dietary fibre ဓာတ်ပါဝင်တာမို့ အူအတွင်းမှာရှိနေတဲ့ လူ့ခန္တာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အထောက်အကူဖြစ်စေတယ်လို့ ဆိုထားပါတယ်။ ဒီ့အတွက် ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ အသားအရည်လှပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေတာပါပဲ။

အစာအိမ်

အစာခြေစနစ်ကိုလည်း အကျိုးပြု၊ အူကိုလည်း ထောက်ကူမှတော့ အစာအိမ်ကိုလည်း ကောင်းစေမယ်ဆိုတာ သိသာနေပါပြီ။

ကိုယ်ခံအားစနစ်

သရက်သီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် A တွေက အစာအိမ်ကို ကျန်းမာစေသလို ခန္တာကိုယ်တွင်းက ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဝေဒနာတွေ ကူးစက်မှု ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ COVID-19 ကို ကာကွယ်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ တကယ်တမ်းမှာတော့ သရက်သီးက COVID-19 ကို ကာကွယ်တိုက်ထုတ်နိုင်တယ်ဆိုတဲ့ သက်သေမျိုးတော့ လုံးဝမရှိသေးပါဘူး။

မျက်စိကျန်းမာရေး

သရက်သီးမှာပါဝင်တဲ့ beta-carotene က အမြင်အာရုံတိုးတက်စေဖို့ အကျိုးပြုပါတယ်။

ကိုလက်စထရောပါဝင်မှုနည်း

သရက်သီးမှာ ကိုလက်စထရောလည်းပါဝင်မှုနည်းပါးပါတယ်။ ဒါကြောင့် ဝိတ်ချချင်သူတွေ၊ သွေးတိုးရှိသူတွေအနေနဲ့ သရက်သီး စားပေးသင့်ပါတယ်။ ဆီးချိုသမားတွေအတွက်လည်း သင့်လျော်ပါတယ်။

အသားအရည်

သရက်သီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် A7 ဓာတ်တွေဟာ အသားအရေကို ကြည်လင်စေသလို လှလည်း လှပစေပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော် လူကြီးတွေအနေနဲ့ သရက်သီးစားပေးခြင်းအားဖြင့် အသားအရေ အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်း ထခြင်းတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

[covid_19]

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Ye Zon Aung · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။