brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Baby pineapple လေးတွေကို စားသင့်လား

ခုတလော facebookပေါ်မှာ ခေတ်စားနေတဲ့ နာနတ်သီးသေးသေးလေးတွေ အကြောင်း သတိပေးချင်လို့ပါ။ Baby pineapple လို့ ခေါ်တဲ့ ဒီနာနတ်သီးသေးသေးလေးတွေက အခွံပါခွာထားပြီး အလုံးလိုက်လေး၊ တော်တော်ချစ်ဖို့လည်း ကောင်းပါတယ်။ စားဖူးတဲ့သူတဲ့သူတွေကတော့ တော်တော်လေး ချိုတယ်လို့ပြောကြပါတယ်။ ပြဿနာက တချို့တွေက စားပြီးလို့ သိပ်မကြာဘူး။ မူးဝေ အော့အန်ပြီး နေရတာ တစ်မျိုးကြီး ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် ဒီနာနတ်သီးလေးတွေက ဘာပြဿနာများ ရှိနေလို့လဲ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ . . .

Baby pineapple လေးတွေကို စားသင့်လား

Baby pineapple လေးတွေက အဆိပ်သင့်စေသလား။

တကယ်တမ်းပြောရရင် ဒီနာနတ်သီးလေးတွေကို မလေးရှား အပါအဝင် ထိုင်ဝမ်၊ စင်ကာပူနဲ့ တခြား နိုင်ငံတွေမှာ တင်သွင်းရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ အထူးသဖြင့် Dragon fruit လို့ ခေါ်တဲ့ တံဆိပ်ပါ။ အကြောင်းက ဒီနာနတ်သီးတွေမှာ cyclamic acid (cyclamate)လို့ ခေါ်တဲ့ ဓာတုပစ္စည်း ပါနေလို့ပါတဲ့။

Cyclamic acid က ဘာဖြစ်လို့လဲ။

Cyclamic acid ဆိုတာ အလွယ်ပြောရင်တော့ ဆေးသကြားလို ပစ္စည်းမျိုးပေါ့။ အစားအစာတွေကို ချိုစေချင်ရင် သုံးတဲ့ပစ္စည်းပါ။ သာမန် အိမ်သုံးသကြားထက် အဆ ၃၀ကနေ ၆၀အထိ ပိုချိုပါတယ်။ တချို့နိုင်ငံတွေမှာ အသီးခြောက်တွေ၊ အအေးတွေ၊ သကြားအစားထိုးသုံးချင်တယ်ဆိုရင် စိတ်ချရတဲ့ ပမာဏတစ်ခုမှာ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၄၅နိုင်ငံမှာ အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။ စင်ကာပူမှာ ဆိုရင်လည်း အေးခဲထားတဲ့ အသီးတွေမှာ Cyclamic acidကို သုံးဖို့ ခွင့်မပြုထားပါဘူး။ ဒီဓာတုပစ္စည်းတွေပါတဲ့ နာနတ်သီးကို တစ်ထုပ်ခွဲလောက် စားမိတယ်ဆိုရင် ပေါင် ၁၂၀ကျော် (၆၀ ကီလို)ရှိတဲ့ လူတစ်ယောက်ဟာ ကျန်းမာရေး ဆိုးကျိုးတွေ ရလာမှာပါ။

Cyclamic acidရဲ့ ကျန်းမာရေး ဆိုးကျိုးတွေက ဘာတွေလဲ။

Cyclamic acid ကို ပမာဏ များများနဲ့ အချိန်ကြာကြာ စားသုံးမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာ၊ အသည်းပျက်စီးတာ၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ တချို့ လေ့လာချက်တွေမှာလည်း Cyclamic acidက ဆီးအိမ်ကင်ဆာ ဖြစ်စေတယ်လို့လည်း ပြောထားပါတယ်။

Baby pineapple စားမယ့်သူတွေအတွက် သတိပေးချက်

တကယ်တော့ နာနတ်သီးက ပြဿနာ ရှိနေတယ် ဆိုတာထက် သူ့ကို ချိုအောင်ဆိုပြီး လူတွေ ပြုပြင်ပြီး ထည့်ထားတဲ့ Cyclamic acid က ပြဿနာ ရှိနေတာပါ။ စားမယ်ဆိုလည်း သဘာဝသစ်သီးကိုပဲ စားသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်စားမယ့် တံဆိပ်က Cyclamic acid ကင်းရဲ့လား။ FDA ခွင့်ပြုချက် ရပြီးသားလားဆိုတာ စစ်ဆေးပြီးမှ စားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။