brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုသမားတွေပါ စားလို့ရတဲ့ စိမ်းစားဥ

စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အတော်များများရဲ့အတွေးမှာ စွဲနေအောင်နေရာယူထားတာက စိမ်းစားဥက မတည့်တာများတယ်ဆိုပြီး သိပ်မစားရဲကြတာပါ။ အမှန်က သူ့ရဲ့အပင်တစ်ပင်လုံးမှာ စိမ်းစားဥက စားလို့ဘေးအကင်းဆုံးပါ။ အရွက်၊ အပွင့်၊ အပင်နွယ်တွေမှာက သဘာဝပိုးသတ်ဆေးအာနိသင်ရှိတဲ့ rotenone ပါလို့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တစ်ခုပါ။ စိမ်းစားဥ အကြီးတစ်လုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် ၄ မီလီဂရမ်၊ဖောလိတ် ၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။

အမျှင်ဓါတ်တွေကြွယ်ဝတယ်

စိမ်းစားဥက အာလူးတို့၊ တရုတ်မုန်လာတို့နဲ့ယှဉ်ရင် ကစီဓာတ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ပိုနည်းပါတယ်။ သူ့မှာ အမျှင်ဓာတ်ပါဝင်မှုက မြင့်မားတာမို့ ပန်းကန်လုံးတစ်လုံးစာပမာဏ စားမယ်ဆိုရင် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်းကို ရနိုင်ပါတယ်။

Prebiotic ရရှိနိုင်တယ်

Prebiotic ဆိုတာ အူတွင်းအကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိမ်းစားဥမှာ oligofructose inulin လို့ခေါ်တဲ့ prebiotic တစ်မျိုး ပါဝင်ပါတယ်။ သူဟာ အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး အူလမ်းကြောင်းထဲရောက်တဲ့အခါ အစာခြေစနစ်အင်္ဂါအစိတ်အပိုင်းတွေကို အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားကို ထိန်းညှိပေးနိုင်တယ်

စိမ်းစားဥမှာ အမျှင်ဓာတ်များပြီး glycemic index ညွှန်းကိန်းနိမ့်တာမို့ ဆီးချိုသမားတွေ စားလို့ရတယ်၊ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေလည်း စားလို့ရတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေက အစာစားချင်စိတ်ကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။

ကိုယ်ခံအားရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းစေတယ်

တန်ဖိုးရှိတဲ့ prebiotics တွေပါဝင်တဲ့ စိမ်းစားဥဟာ အစာခြေစနစ်နဲ့အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတာကြောင့် ရောဂါပိုးကာကွယ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။

နှလုံးကျန်းမာစေတယ်

စိမ်းစားဥမှာ ရေဓာတ်နဲ့ အာဟာရဓာတ်ပါဝင်မှုများတဲ့အပြင် နှလုံးသွေးကြောကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်တဲ့။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးကြောကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေတယ်၊ ကိုလက်စထရောမြင့်တက်ခြင်း၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

အရိုးကျန်းမာရေးကို ထောက်ပံ့တယ်

စိမ်းစားဥမှာပါတဲ့ oligofructose inulin ဟာ သတ္တုဓာတ်ထိန်းထားနိုင်စွမ်းကို မြှင့်တင်ပေးပြီး အရိုးထုထည်လျော့ပါးမှုကို ကာကွယ်ပေးတယ်၊ ကယ်လ်စီယမ်တွေကို အရိုးထဲစုပ်ယူနိုင်စွမ်းမှာ ကူညီပေးတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနိစ်တို့လို အရေးပါတဲ့ဓာတ်တွေကို ထောက်ပံ့ပေးတယ်။ ဒါ့ကြောင့် အရိုးပွအရိုးပါးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။