ဒံပေါက်ဆန်လို့လည်း သိထားကြတဲ့ ဘက်စမာတီဆန် (basmati rice) ဆိုတာကို ဆီးချိုဆန်လို့ အမည်တပ်ပြီး ဈေးဝယ်စင်တာတစ်ခုမှာ ရောင်းချနေတာတွေ့လိုက်တယ်။ တလောကလည်း ဖေ့စ်ဘုတ်က အဆီကျကျစ်လျစ်လိုသူတွေရဲ့ဂရုတစ်ခုမှာ diet အဖြစ်ပါဝင်နေတာလည်းတွေ့လိုက်ရတယ်။ အဆီမတက် ၊ ကယ်လိုရီမတက်တဲ့ ဆန်တဲ့။ ဒါနဲ့ ဆေးပညာအထောက်အထားတွေရှာကြည့်တော့ ဒီလိုတွေ့ရပါတယ်။
ဘက်စမာတီဆန်က အဖြူနဲ့ အညိုနှစ်မျိုးရှိတယ်။ သူ့ရဲ့အပေါ်ယံလွှာကနေ အညိုရောင်ဖြစ်စေတာပါ။ သူ့ရဲ့အာဟာရဓာတ်တွေအများစုက အဲဒီအလွှာထဲမှာပါ။ ဘက်စမာတီဆန်လုံးညိုက အဖြူထက် အမျှင်ဓာတ် ၂၀ ရာခိုင်နှုန်းပိုများလို့ အဆီကျချင်သူတွေအတွက် ပိုကိုက်ညီပါတယ်။ ဒါပေမယ့် တခြားဆန်တွေနဲ့ယှဉ်ရင်တော့ ဘက်စမာတီဆန်လုံးဖြူကလည်း ပိုကောင်းပါတယ်။ ဘာလို့ဆို ဘက်စမာတီဆန်က ကယ်လိုရီပိုနည်းပြီး အဆီနဲ့ ကိုလက်စထရောနည်းတဲ့အပြင် တခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်ရင် diet plan မှာထည့်သွင်း စားကြတာပေါ့။
ဘက်စမာတီဆန် မှာပါဝင်တဲ့ အာဟာရတန်ဖိုး
ထမင်း တစ်ပန်းကန်လုံးစာမှာ –
- ၁၉၁ ကယ်လိုရီ
- ကာဗိုဟိုက်ဒရိတ် ၃၉.၈၅ ဂရမ်
- အမျှင်ဓာတ် ဝ.၆ ဂရမ်
- သကြားဓာတ် ဝ.၀၇ ဂရမ်
- အသားဓာတ် ၅.၅၉ ဂရမ်
- အဆီဓာတ် ဝ.၆၁ ဂရမ်
- ကယ်လ်စီယမ် နဲ့ သံဓာတ်အနည်းငယ် ပါဝင်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –
ရေသောက်နည်းတာ၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို မစားတာတို့ကြောင့်ဝမ်းချုပ်နိုင်တယ်။ အထိုင်များပြီး ဝမ်းချုပ်တာကြာလာရင် လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။ ဘက်စမာတီထမင်းမှာပါတဲ့ အမျှင်ဓာတ်ကြောင့် ဝမ်းကိုပျော့စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိပ်ခေါင်းဖြစ်နေတယ်ဆိုရင်လည်း ဘက်စမာတီပြောင်းစားကြည့်ပါ။
အမျှင်ဓာတ်ကို လုံလောက်တဲ့ပမာဏအထိ စားသုံးသူတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းတယ်လို့ သိရပါတယ်။ ဒီဆန်မှာပါတဲ့ အမျှင်ဓါတ်နဲ့ဆို ကွက်တိပဲပေါ့။
ဒီဆန်မှာပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်တွေက အင်ဆူလင်လုပ်ဆောင်ချက်ကိုအားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေနိုင်စွမ်းရှိပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းစားသုံးနေချိန် ပန်ကရိယာရဲ့ဘီတာဆဲလ်တွေဆီက အင်ဆူလင်ထုတ်ပေးလာအောင် အမျှင်ဓာတ်က ထောက်ပံ့အားပေးပါတယ်။ အထူးသဖြင့် အမျိုးအစား၂ ဆီးချိုရောဂါအတွက် သင့်တော်ပါတယ်။
အဆီချတဲ့ အစီအစဉ်တွေမှာ သုံးလို့ရတယ်
အဆီချ diet plan လုပ်နေတဲ့သူတွေအတွက် တချို့က ထမင်းရှောင်ပေမယ့် တချို့ကတော့ ထမင်းကိုအချိုးကျထည့်စားတဲ့အခါ ဘက်စမာတီကို သုံးပါတယ်။ ဘက်စမာတီမှာ အစာချေဖျက်ဖို့ကြာတဲ့amylase ဓာတ်တွေပိုပါလို့ နည်းနည်းစားပြီး တော်တော်နဲ့ မဆာတော့ပါဘူး။ ကယ်လိုရီလည်းနည်းတော့ ရိုးရိုးထမင်းဖြူအစား သူ့ကိုအစားထိုးကြပါတယ်။ အားကစားလုပ်နေတဲ့သူတွေလည်း စားလို့ရပါတယ်။
ဦးနှော်က်ကျန်းမာစေတယ်
ဘက်စမာတီမှာပါဝင်တဲ့ Thiamine က မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းဖို့ အာရုံကြောစနစ်အတွက် အရေးပါပါတယ်။ ဒီဓာတ်ကြောင့် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တယ်လို့ လေ့လာမှုတွေကတွေ့ရှိထားပါတယ်။
သွေးတိုးကျစေတယ်
ဒီဆန်မှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ ပိုတက်စီယမ်ကြောင့် ကြွက်သားပြေလျော့စေပြီး သွေးကြောတွေကို ပြန့်ကားစေတယ်ဆိုတော့ သွေးလည်ပတ်မှုပိုကောင်းပြီး သွေးဖိအားကိုကျစေပါတယ်။
အာဟာရဓါတ်တွေရတယ်
ဘက်စမာတီထမင်းမှာ အထက်မှာပါခဲ့တဲ့ ဓာတ်တွေအပြင် ဗီတာမင်B1၊B6 ၊ ဗီတာမင် E၊ ဗီတာမင် K တို့လည်းပါဝင်လို့ အာဟာရဓာတ်တွေပါ တစ်ပါတည်းရရှိနိုင်ပါတယ်။
ဒီလိုအကျိုးကျေးဇူးတွေရှိနေတယ်ဆိုတော့ တစ်ခါတလေတော့ လိုအပ်ရင်ပြောင်းစားကြည့်ပေါ့နော်။