brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

သင်သိပါသလား။ ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီတွေဟာ ပြုလုပ်သူ စားဖိုမှူးတွေရဲ့ အနုပညာ လက်ရာတစ်ခုလို့ ဂျပန်တွေက သတ်မှတ်ထားတာပါ။ ဒီ အငွေ့အသက်လေးတွေ မပျောက်ပျက်သွားဖို့ ဆူရှီ (Maki နဲ့ Nigiri) စားတော့မယ်ဆိုရင် လက်ချောင်းလေးတွေနဲ့သာ ယူစားတာက ဂျပန်ရဲ့ ရိုးရာပါပဲ။ ဆာရှိမိ နဲ့ ချင်း (ဂျင်း) ကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။ ကဲ.. ဒါဆို မှန်မှန်ကန်ကန် ဆူရှီ ဘယ်လိုစားမလဲဆိုတာလေးတွေကို အတူတူ လေ့လာကြရအောင်။

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

၁။ တူကို မပွတ်ပါနဲ့။

တူနဲ့ စားမယ်ဆိုရင် အိတ်ကလေးထဲက ထုတ်ပြီး အမှုန်အမွှားတွေ ကင်းစင်အောင် တူနှစ်ချောင်းကို ပွတ်တတ်တဲ့ အကျင့်ရှိရင် ဂျပန်ဆိုင်တွေမှာတော့ ဒီ အကျင့်ကို ဖျောက်လိုက်ပါ။ ဒီလို ပွတ်တာက တူရဲ့ အရည်အသွေး မကောင်းတာကြောင့် လုပ်ရတာဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

၂။ Soy sauce ကို နည်းနည်းသာ ထည့်ပါ။

ခွက်ထဲ Soy sauce တွေ ထည့်တဲ့အခါ အားကြီးနဲ့ အများကြီး လောင်းမထည့်လိုက်ပါနဲ့။ နည်းနည်းသာ ထည့်ပါ။ အများကြီး ထည့်လိုက်ခြင်းက မြည်းမကြည့်ရသေးပါဘဲ ငါးက အရသာမရှိလို့၊ မလတ်တော့လို့ Soy sauce ကူရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်တာကြောင့် ဂျပန်ရိုးရာမှာတော့ ဒါကို ရိုင်းတယ်လို့ သတ်မှတ်ပါတယ်။

၃။ Soy sauce ခွက်ထဲကို Wasabi (ဝါဆာဘိ) တွေ မထည့်ပါနဲ့။

အမှန်တော့ အလွယ်လိုက်တာပေါ့နော်။ ဝါဆာဘိ နဲ့လည်း တို့ရမယ်။ Soy sauce နဲ့လည်း တို့ရမယ်ဆိုတော့ ပိုလွယ်သွားအောင် Soy sauce ထဲ ဝါဆာဘိ ထည့်လို့ မရဘူးလား။ အရသာလည်း ပိုကောင်းတယ်လေလို့ တွေးကြမှာပေါ့နော်။ ဒါပေမဲ့ ဒီလို စားတာက မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးနော်။

မှန်မှန်ကန်ကန် ဘယ်လို စားရမလဲဆိုတော့…

၄။ ဆူရှီကို ယူတဲ့အခါ ငါးကို အောက်မှာထားပါ။

လက်နဲ့ပဲ ယူယူ၊ တူနဲ့ပဲ ယူယူပါ။ ပန်းကန်ထဲက ဆူရှီကတော့ ငါးကို အပေါ်မှာ တင်ထားတာ ဖြစ်ပေမဲ့ စားဖို့ ယူတဲ့အခါ အရင် လှဲချလိုက်ပြီး ငါးကို Soy sauce နဲ့ တို့ပါ။ ဝါဆာဘိ ထည့်ချင်တယ်ဆိုရင်တော့ ဝါဆာဘိ နည်းနည်းကို ငါးပေါ်မှာ သုတ်ပြီး Soy sauce နဲ့ တို့ပါ။ Soy sauce ထဲ ထမင်းဘက်ခြမ်းနဲ့ မနှစ်လိုက်နဲ့နော်။ ငါးဘက်ပါတဲ့ အခြမ်းနဲ့ နည်းနည်းလေး တို့ပြီး ပါးစပ်ထဲ ထည့်ရာမှာလည်း ငါးပါတဲ့ ဘက်ကို အောက်မှာထားပြီး ထည့်ပါ။ ဒါမှ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို အရင်ရပြီး နောက်ပိုင်းမှအရသာအားလုံး သမမျှတလာမှာပါ။

၅။ ချင်း(ဂျင်း)ကို ငါးပေါ် တင်မစားပါနဲ့။

ချင်းကို ထားပေးတဲ့ ရည်ရွယ်ချက်က တစ်ခုနဲ့ တစ်ခုကြားမှာ အရသာမရောသွားဘဲ ခံတွင်း ရှင်းစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပါးစပ်ထဲက ဆူရှီတွေ ဝါးလို့ ကုန်ပြီဆိုတော့မှ ချင်းကို စားပါ။ ချင်းကုန်သွားရင် ထပ်တောင်းလို့ ရပါတယ်နော်။

၆။ ဆူရှီတစ်ခုကို တစ်လုတ်တည်း အပြီးစားပါ။

အပေါ်မှာ ပြောခဲ့သလို ဆူရှီဟာ စားဖိုမှူးတွေရဲ့ အနုပညာပါ။ သူတို့တွေက လူတစ်ယောက် စားနိုင်မယ့် ပမာဏ၊ ပါးစပ်ထဲ ဝင်နိုင်မယ့် ပမာဏကို ချိန်ဆပြီး တစ်လုတ်စာလေးတွေ လုပ်ထားတာမို့ တစ်လုတ်တည်း အပြီးစားမှသာ စားဖိုမှူးကို လေးစားရာ ကျပါတယ်။ တစ်လုတ်တည်း မစားနိုင်လို့ အရမ်းကြီးနေတယ်ဆိုရင် သူတို့ကို ပြင်ပေးဖို့ အကူအညီတောင်းလို့ ရပါတယ်။

ဒါကတော့ မှန်ကန်တဲ့ ဆူရှီစားနည်းလေးတွေပါပဲ။ အရသာရှိရှိ စားနိုင်ပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

Wathun Myet Chal

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။