
ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်းကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်နိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေလျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။ ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး စားကြတယ်မဟုတ်လား။
မြင်းခွာရွက်လို တို့စားလို့ရတဲ့ အစိမ်းရောင်အရွက်တွေကို အစိမ်းလည်းစားပေးပါ။ သဘာဝအရောင်ဖြစ်တဲ့ အစိမ်းရောင်က chlorophyll ပါဝင်မှုကြောင့် ကျန်းမာရေးအကျိုးကျေးဇူးရှိနေတာပါ။ အစိမ်းရောင်မပျက်အောင် ချက်နိုင်ရင်တော့ အာဟာရဓာတ်တွေ ထိုက်သင့်သလောက်ရနိုင်ပါတယ်။
မုန်လာဥနီမှာ carotenoids လို့ခေါ်တဲ့ သဘာဝဓာတ်ပစ္စည်းတွေကြောင့် မျက်စိအားကောင်းစေတယ်၊ ကင်ဆာကာကွယ်နိုင်တယ်။carotenoids ဟာလည်း အပူပေးလိုက်မှ ခန္ဓာကိုယ်က စုပ်ယူရလွယ်ကူစေနိုင်ပါတယ်။
အစိမ်းစားတဲ့အခါ အစာမကြေဖြစ်တတ်တာ၊ ပိုးသတ်ဆေးအန္တရာယ်စိုးရိမ်ရတာကြောင့် ရေနွေးဖျောတာလောက်တော့ လုပ်ပါ။ အရည်ဆူဆူမှာတည်တာ၊ ကြော်တာက ပေါင်းတာထက် glucosinolate လို့ခေါ်တဲ့ ကင်ဆာကာကွယ်တဲ့ ဒြပ်ပေါင်းကိုဆုံးရှုံးရနိုင်ပါတယ်။