brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Pills သောက်ပြီး ဝိတ်ချကြတော့မယ်ဆိုရင်

ကိုယ်အလေးချိန် လျှော့ချတာဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်လာနေပါပြီ။ ဒီကနေ့ ကမ္ဘာပေါ်က ကိုယ်အလေးချိန်လျှော့ချရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးနယ်ပယ်ကြီးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၇၅ ဒဿမ ၉၄ ဘီလီယံတန်ဖိုးရှိနေပြီဖြစ်သလို လာမယ့် ၂၀၂၂ ခုနှစ်မှာ ၂၄၅ ဒဿမ ၅၁ ဘီလီယံအထိ တိုးတက်လာဖို့ရှိနေပါတယ်။

Pills သောက်ပြီး ဝိတ်ချကြတော့မယ်ဆိုရင်

အမေရိကန် တစ်နိုင်ငံတည်းမှာတင် အဆိုပါဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိနေပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်နိုင်ငံသားတွေ ဝိတ်ချဖို့ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏက ဒေါ်လာ ၃.၇၄ ဘီလီယံဖြစ်ပါတယ်။ ဒီလို ကြီးထွားလာတဲ့ ဈေးကွက်ကြီးထဲမှာ ကိုယ်အလေးချိန်လျှော့ချရေး နည်းလမ်းတွေဟာလည်း အမျိုးအမယ် စုံစုံလင်လင် ပေါ်ထွက်လို့လာနေပါတယ်။

Diet Pills ဒါမှမဟုတ် Weight Loss Pills လို ဆေးဝါးမျိုးတွေ မှီဝဲပြီး ကိုယ်အလေးချိန်လျှော့ချတာဟာ Keto Diet တို့၊ လေ့ကျင့်ခန်းကစားတာတို့၊ အစားလျော့တာတို့လိုပဲ ဝိတ်ချသူတွေအကြားမှာ ရေပန်းစားတဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပြီး လွယ်ကူစွာ အသုံးပြုနိုင်တဲ့ သူ့ရဲ့ အားသာချက်ကြောင့် လူသုံးလည်း များလာနေပါတယ်။

များသောအားဖြင့် Pills တွေမှာ ဗီတာမင်၊ သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ Amino Acids၊ Enzymes၊ သဘာဝ သစ်ဥသစ်ဖုတွေ၊ အကျိတ်နဲ့ ကိုယ်တွင်း အင်္ဂါတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်လေ့ရှိပါတယ်။

ကိုယ်အလေးချိန်ကျဖို့ Pills တွေက ဘယ်လို ကူညီသလဲ

Pills သောက်ပြီး ဝိတ်ချတဲ့ နည်းလမ်းဟာ လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းက ကနဦးပိုင်းမှာ အချိန်တိုအတွင်း ကိုယ်အလေးချိန်ကို အလျှင်အမြန်လျှော့ကျစေလေ့ရှိပါတယ်။

Pills တွေဟာ အောက်ပါနည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေတာဖြစ်ပါတယ်။

  • အစာစားချင်စိတ်ကို လျှော့ချတာ၊
  • အစာစားချိန်တွေမှာ ဗိုက်ဝနေသလို ခံစားနေရစေတာ၊
  • အစာခြေစနစ်ကို အရှိန်မြှင့်ပေးတာ၊
  • အဆီထုတ်လုပ်မှုနှုန်းကို လျှော့ချတာနဲ့
  • အစားအစာထဲက အဆီစုပ်ယူမှုကို ထိမ်းသိမ်းတာ၊ စတဲ့ နည်းလမ်းတွေပါပဲ။

ဒီနည်းလမ်းတွေကြောင့် ကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားနိုင်သလို အဆီတွေ ထပ်မတိုးလာအောင်လည်း တားဆီးထားနိုင်တာဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတို့အလယ်မှာ

ဒါပေမယ့် ဒီလို ဝိတ်ချကြတဲ့အခါ အများစုသော ဆေးတွေက ဝမ်းအလွန်အကျွံသွားစေတာမျိုး၊ အစာစားချင်စိတ်ကို အလွန်အမင်းလျော့ချပစ်တာမျိုးတွေ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့်လည်း Pills တွေနဲ့ ဝိတ်ချကြတဲ့အခါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ကြုံဆုံရနိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် Pills တွေရဲ့ ၅၀% လောက်ဟာ စိတ်ဝေဒနာတစ်မျိုးဖြစ်တဲ့ Eating Disorders ဖြစ်စေနိုင်တဲ့ ဆိုးကျိုးရှိပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဒီဆေးဝါးတွေကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အများအပြားရှိနေပါသေးတယ်။

Pills တွေကို အလွန်အကျွံ သုံးစွဲမိတာမျိုး ဒါမှမဟုတ် Pills နဲ့ မတည့်တာမျိုးတွေ ဖြစ်လာရင်

  • နှလုံးခုန်နှုန်း မြန်တာ၊
  • သွေးခုန်နှုန်းမြင့်မားစေတာ၊
  • စိတ်လှုပ်ရှားတာ၊
  • ဝမ်းပျက် ဝမ်းလျောတာ၊
  • အိပ်မပျော်တာ၊
  • အသည်းပျက်ဆီးတာ၊
  • ကျောက်ကပ်ဝေဒနာခံစားရတာ၊
  • စအိုဝ သွေးယိုစီးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုဝေဒနာမျိုးတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ မကိုက်ညီမှုတွေ ဖြစ်လာနိုင်တဲ့ Weight Loss Pills တွေကို သုံးပြီး ကိုယ်အလေးချိန် လျှော့ချတာမျိုးကို လျှော့ချပြီး အားကစား၊ လေ့ကျင့်ခန်းနဲ့ အစားအသောက် စားသုံးမှုပုံစံကို ပြင်ဆင်ပြီး ဝိတ်ချတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အကြံပေးပါရစေ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။