backup og meta

အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

အစားမလျှော့ချင်ဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး ဆိုပြီး မြန်မြန်ပိန်ချင်တဲ့သူတွေက အဆီကျဆေးဝယ်သောက်ကြတယ်။ ဘယ်နရက်အတွင်း ဘယ်နပေါင်ကျတယ် ဆိုတဲ့ ကြော်ငြာလေးတွေ၊ ရီဗျူးလေးတွေကလည်း မက်လောက်စရာကိုး။ ဒါပေမယ့် လနဲ့၊နှစ်နဲ့ချီပြီး စုလာခဲ့တဲ့ အဆီတွေ၊ ကိုယ်အလေးချိန်တွေက ရက်ပိုင်းလေးနဲ့ကျသွားဖို့ဆိုတာလောဘသိပ်ကြီးသလိုတော့ဖြစ်နေပါတယ်နော်။

အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

ဆေးစွမ်းတယ်၊ စွမ်းတယ်နဲ့ ဝယ်သောက်ကြတာ ပါဝင်ပစ္စည်းကိုရောဘေးကင်းမကင်းလေ့လာကြည့်ဖူးရဲ့လား။တော်ကြာ ဆေးမှာ တားမြစ်ထားတဲ့ပါဝင်ပစ္စည်းတွေပါနေရင် ဘယ်လိုလုပ်ပါ့မလဲ။ ကိုယ့်ရဲ့ဘေးကင်းမှုအတွက်သေချာလေ့လာသင့်ပါတယ်။တချို့အဆီကျဆေးတွေမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေလို့ပြောထားပေမယ့် တစ်ခါတလေသောက်သုံးဖို့မသင့်တော်တဲ့ တားမြစ်ပါဝင်ပစ္စည်းတွေ ပါနေတတ်ပါတယ်။ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာလေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

Ephedra

အာရှအလယ်ပိုင်းနဲ့ မွန်ဂိုလီးယားမှာရှိတဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်တဲ့Ephedra မှာephedrine ဆိုတဲ့ဒြပ်ပေါင်းပါဝင်ပါတယ်။ သူ့ကို အာရုံကြောနှိုးဆွတဲ့ဆေးဖက်ဝင်အဖြစ် အိန္ဒိယနဲ့တရုတ်တို့မှာ ဟိုးအရင်ကသုံးခဲ့ကြပြီး အအေးမိ၊ တုပ်ကွေး၊ဖျားနာ၊ခေါင်းကိုက်၊ စတာတွေကို ကုသဖို့လည်းသုံးကြပါတယ်။ မကြာသေးခင်ကမှ Ephedra ကို အဆီကျဆေးအဖြစ်သုံးလာခဲ့ကြပါတယ်။ အဲဒီနောက်Ephedra ဟာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ်လေဖြတ်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်၊ လူသေဆုံးမှုတွေရှိခဲ့တယ် ဆိုတဲ့တွေ့ရှိချက်ကြောင့် အန္တရာယ်ရှိပါဝင်ပစ္စည်းအဖြစ် တားမြစ်ခံခဲ့ရပါတယ်။

Fenfluramine

Fenfluramine ပါဝင်တဲ့ Fen-Phen အမည်နဲ့ဆေးဝါးက နှလုံးထိခိုက်ခြင်း၊အဆုတ်ရောဂါ တို့နဲ့ဆက်နွှယ်နေတယ်လို့တွေ့ရှိပြီးနောက်၁၉၉၀ ခုနှစ်ပိုင်းအတွင်း ဈေးကွက်ကနေ ပြန်လည်သိမ်းယူခဲ့ရပါတယ်။Fenfluramineကြောင့် ဆီရိုတိုနင်ထွက်ရှိမှုလွန်ကဲပြီး သွေးတိုးနဲ့ နှလုံးအဆို့ရှင် မူမမှန်ခြင်းတွေဖြစ်စေတယ်လို့တွေ့ရှိထားတာဖြစ်ပါတယ်။

Sibutramine

Sibutramine က နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ်လေဖြတ်ခြင်းဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ လက်တွေ့စမ်းသပ်လေ့လာမှု ရလဒ်တွေအရ သိရပါတယ်။Sibutramine ကို အစာစားချင်စိတ်လျော့စေတဲ့ရေရှည်သုံးဆေးဝါးအဖြစ် အစက သုံးခဲ့ကြပေမယ့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ဘေးထွက်ဆိုးကျိုးကိုသိရတဲ့အခါSibutramine ပါဝင်တဲ့ အဆီကျဆေးကို ထုတ်လုပ်မှုရပ်ခဲ့ရပါတယ်။

DMAA

1,3-dimethylamylamine ၊ methylhexanamine လို့သိကြတဲ့DMAA ဟာ ခွန်အားပြည့်ဖို့နဲ့ အဆီပိုကျဖို့ ကဖင်းနဲ့အတူ တွဲသုံးလေ့ရှိတဲ့ ပါဝင်ပစ္စည်းပါ။ ဒါပေမယ့်DMAA ကသွေးတိုးမြင့်တက်ခြင်း၊ နှလုံးသွေးကြောပြဿနာတွေအပြင် နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းတို့လို ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ပြီး ၂၀၁၂ မှာDMAA ပါဝင်တဲ့ဆေးတွေကို တားမြစ်ခံရပါတယ်။

Rimonabant

Rimonabant ကို အမေရိကန်မှာ ခွင့်ပြုချက်မပေးထားသလို ကမ္ဘာ့နိုင်ငံတချို့မှာ လူသေဆုံးမှုတွေလည်းရှိခဲ့တဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးက အတက်ရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များခြင်း၊ ညအိပ်မပျော်ခြင်း၊ ရန်လိုစိတ်များခြင်း၊ အဆုံးစီရင်လိုစိတ်များခြင်း တို့အပါအဝင် ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးတွေဖြစ်လာစေနိုင်တယ်လို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Phenolphthalein

Phenolphthalein ကို ဝမ်းနုတ်ဆေးတွေမှာ အသုံးပြုလေ့ရှိခဲ့ပေမယ့် ၁၉၉၀ နှောင်းပိုင်းခုနှစ်တွေမှာ တားမြစ်ခဲ့ပါတယ်။ သူက ကင်ဆာဖြစ်စေနိုင်တဲ့အပြင် ဒီအင်န်အေကိုလည်း အပြောင်းအလဲတွေဖြစ်စေတယ်လို့တွေ့ရှိခဲ့တာကြောင့်ပါ။ ဝမ်းသွားရင်အဆီတွေကိုပါ ဖယ်ရှားပေးတတ်တဲ့ အဆီကျဆေးေတွမှာPhenolphthalein ပါမပါ သတိထားစစ်ဆေးပါ။

Phenytoin

Phenytoin ကို တချို့တရားမဝင်ဆေးတွေမှာတွေ့ရတတ်ပါတယ်။ အမှန်က အတက်ရောဂါဆေးဝါးအဖြစ် ခွင့်ပြုချက်ပေးထားတာဖြစ်လို့ရောဂါမရှိသူတွေအတွက် အသုံးပြုလို့ မသင့်တော်ပါဘူး။

ဒါ့ကြောင့် သူများပြောလို့ ရမ်းသောက်တာထက် တရားဝင်ဖြန့်ချိခွင့်ရ၊ သက်ဆိုင်ရာအသိအမှတ်ပြုထောက်ခံချက်ရထားတဲ့ အမှတ်တံဆိပ်တွေကိုပဲရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ကယ်လိုရီတွက်ချက်စားသောက်ပုံ နဲ့ ကိုယ်လက်လေ့ကျင့်ခန်းနည်းနည်းကို ပုံမှန်လုပ်သွားရင် အချိန်နဲ့အမျှ အဆီကျစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကင်းချင်ရင်တော့ဖြတ်လမ်းမလိုက်တာကောင်းပါတယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/healthy-lifestyle/weight-loss/in-depth/weight-loss/art-20046409

Accessed July 17, 2019.

https://www.webmd.com/diet/obesity/features/beware-untested-diet-pills#2

Accessed July 17, 2019.

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။

ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။



Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ