အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်းရှိတာမဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံနဲ့ အငတ်ခံစရာမလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။
အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်းရှိတာမဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံနဲ့ အငတ်ခံစရာမလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။

တစ်နေ့တာအတွင်း အစားစောစောစားခြင်းက ဆာလောင်မှုကို မဖြစ်စေတော့ဘဲ အဆီကျခြင်းကိုမြန်စေတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း လူတော်တော်များများက ညနေစာမစားတာ၊ diet plan အတိုင်းစားသောက်တာတို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။
Intermittent fasting ဆိုတာ အချိန်ကြာကြာအစာမစားတဲ့ပုံစံနဲ့ အဆီချခြင်းဖြစ်ပါတယ်။
အစားကိုစောစားဖို့ ကန့်သတ်ချက်ဟာintermittent fasting တစ်မျိုးဖြစ်ပါတယ်။ မနက်ပိုင်းနဲ့နေ့လယ်အစောပိုင်းမှာ စားစရာရှိတာ အကုန်စားပြီး ကျန်တဲ့နေ့တစ်ဝက်လုံး ဘာမှမစားဘဲနေဖို့ဖြစ်ပါတယ်။ တကယ်တော့ ဥပုသ်စောင့်တာနဲ့ တူတူပါပဲ။
Obesity ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ အစာစားချိန်ကိုစောဖို့ ကန့်သတ်မှုဟာ စားချင်စိတ်ကိုတားဆီးပေးပြီး အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးနိုင်ပါတယ်။
ဒီသုတေသနရဲ့အဓိကရည်ရွယ်ချက်က ဒီအစာစားချိန်နည်းလမ်းတွေက စားချင်စိတ်ကိုလျှော့ချပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းစေသလား၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးနိုင်သလားဆိုတာလေ့လာဖို့ပါလို့ သုတေသီတွေကပြောပါတယ်။
စောစောစားတာက စားချင်စိတ်ကို လျော့စေနိုင်
ဒီသုတေသနမှာ ကျန်းမာရေးကောင်းပေမယ့် ကိုယ်အလေးချိန်များနေသူ (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း ၂၅ ကနေ ၃၅ အတွင်းရှိသူ) ၁၁ ဦးကိုလေ့လာခဲ့တာပါ။
ပါဝင်သူတစ်ဦးချင်းစီကို တစ်နေ့မှာ အစာစားချိန် အချိန်ဇယားနှစ်မျိုးကို လေးရက်စီ လိုက်နာစေပါတယ်။ ပါဝင်သူတွေဟာ အချိန်ဇယားတစ်ခုစီအတွင်း အမျိုးအစားတူ၊ ပမာဏတူတဲ့ အစားအစာတွေကို စားခဲ့ကြပါတယ်။
အစောပိုင်းစားစေတဲ့ အချိန်ဇယားမှာ ပါဝင်သူတွေဟာ မနက်စာ၊နေ့လယ်စာ၊ညနေစာအားလုံးကို မနက် ၈ နာရီနဲ့နေ့လယ် ၂ နာရီအတွင်းမှာ အပြီးစားရတာဖြစ်ပါတယ်။နောက်အချိန်ဇယားတစ်ခုမှာတော့ ပါဝင်သူတွေကို မနက် ၈ နာရီနဲ့ ည ၈ နာရီကြားမှာ စားသုံးစေပါတယ်။
မနက် ၈ နာရီနဲ့နေ့လယ် ၂ နာရီသမားတွေက သူတို့ရဲ့ကယ်လိုရီလောင်ကျွမ်းမှုပမာဏမှာ သက်ရောက်မှုမရှိပေမယ့် အစာစားချင်စိတ်မှာလျော့သွားတာတွေ့ရပါတယ်။
ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ အာဟာရလိုအပ်ချက်ကွာခြားမှုတွေကိုမူတည်ပြီး ထည့်စဉ်းစားစရာတွေ ရှိပါတယ်။ ဥပမာ အားကစားသမား သို့မဟုတ် အတော်အသင့်လှုပ်ရှားမှုရှိနေတဲ့သူတွေဟာ ကိုယ်စားတဲ့အချိန်နဲ့ လှုပ်ရှားတဲ့အချိန်ကို မူတည်ပြီး ဒီနည်းမှာ အခက်အခဲတွေရှိနိုင်ပါတယ်လို့ ပညာရှင်တွေကပြောပါတယ်။
နောက်တစ်ချက်ကတော့ ဆီးချိုသွေးချိုလို မကြာခဏ အစာပြန်ဖြည့်ဖို့ လိုအပ်လေ့ရှိတဲ့ ရောဂါအခံရှိသူတွေမှာ အခက်အခဲရှိနိုင်ပါတယ်။
ကိုယ်ဝန်ရှိသူ ဒါမှမဟုတ် ကင်ဆာလို ရောဂါကြီးရှိသူတွေမှာလည်း ဒီလိုကန့်သတ်ကာလအတွင်းမှာပဲ အစာအာဟာရ ရနိုင်မယ်ဆိုရင် လိုအပ်သလောက်အာဟာရပြည့်နိုင်ပါ့မလားဆိုတာလည်း ရှိပါတယ်။
အများအားဖြင့် အဆင်ပြေနိုင်ပေမယ့် အထက်မှာပြောခဲ့သလိုခြွင်းချက်အနေအထားရှိသူတွေမှာတော့ ဆိုးကျိုးသက်ရောက်မှုမရှိလာအောင် ကိုယ်နဲ့အဆင်ပြေမပြေ အရင်စဉ်းစားသင့်ပါတယ်။
လေ့လာမှုကို ဆက်လက်သုတေသနလုပ် အတည်ပြုဖို့ ကြိုးစားနေပါတယ်လို့ သုတေသီတွေကပြောပါတယ်။