brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ဇရာဆိုတာရှောင်လွှဲလို့မရတဲ့ သဘာဝပါ။ ဒါပေမယ့် ထိုက်သင့်တဲ့အာဟာရဓါတ်ရရှိဖို့က အသက်အရွယ်အပိုင်းအခြား အားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အဓိကအရေးပါတာကြောင့် စောင့်ရှောက်သူတွေအနေနဲ့ လူကြီးတွေကို အစာစားချင်စိတ်ပိုဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

လူကြီးမိဘတွေ ဘာကြောင့် ခံတွင်းပျက်ကြတာလဲ

အထက်မှာဖော်ပြခဲ့သလိုပဲ အစာစားချင်စိတ်နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် –

  • ရောဂါအခံတချို့
  • သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု
  • စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

လူကြီးတွေကိုအစာစားချင်စိတ်တိုးလာစေမယ့်အချက်များ

အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့

တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။ ၂၀၀၃ ခုနှစ်က “International Psychogeriatrics” ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့ မိသားစုထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။ လူကြီးမိဘတွေကိုသက်တူရွယ်တူတွေနဲ့တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေးကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။

ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ

လူကြီးတွေရဲ့ ဆာလောင်မှုကိုသိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှပြင်ဆင်ကျွေးတာထက်ထမင်းစားချိန်နဲ့ သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားရှိပေးတာပိုကောင်း ပါတယ်။ အစားစားချိန်ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။

ပမာဏအနည်းအများထက် အာဟာရဓါတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ

လူကြီးမိဘတွေကို ပမာဏနည်းနည်းနဲ့ အာဟာရဓါတ်ပါဝင်မှုပြည့်ဝတဲ့အစားအစာတွေပဲကျွေးပါ။ လူကြီးတွေအနေနဲ့ ထမင်းစားပွဲပေါ်က ပန်းကန်အကြီးကြီးကိုမြင်လိုက်ရရင် ဒါကို ကုန်အောင်စားနိုင်ပါ့မလားဆိုပြီး ဝန်ထုပ်ဝန်ပိုးစိတ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ အများကြီးကျွေးမယ့်အစား စားစရာကို အကြိမ်များများခွဲပြီး အချိန်ခြားကာ နည်းနည်းချင်းကျွေးတာပိုကောင်းပါတယ်။ ဒါ့အပြင် ဒီလိုကျွေးတဲ့အစားအသောက်တွေက အာဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေဖြစ်ဖို့ သတိထားပါ။

သရေစာအတွက်ဆိုလည်း စားရလွယ်တဲ့ သရေစာလေးတွေပြင်ဆင်ပေးလို့ရပါတယ်။ လူကြီးတချို့က သရေစာကိုပဲ တောင့်တပြီး ထမင်းကို မစားချင်ကြတာတွေရှိပါတယ်။ ဒါ့ကြောင့် အရသာရှိတဲ့ သရေစာလေးတွေက တစ်နေ့တာမှာလိုအပ်တဲ့ ကယ်လိုရီပမာဏကို အလုံအလောက်ရရှိအောင်ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဥပမာ –

  • အသီးအနှံများ
  • Crackers
  • ကြက်ဥ
  • အဆီမပါတဲ့အသား
  • အစေ့အဆံများ
  • lSoft cheeses
  • ကြက်ဥပူတင်း
  • ကွေကာအုပ်
  • ပေါင်မုန့်

တကယ်လို့ အစာမျိုချရတာအခက်အခဲရှိနေတယ်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊smoothies ၊milkshakes ဒါမှမဟုတ်သောက်သုံးရတဲ့ဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးနိုင်ပါတယ်။

ဘာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲဆိုတာစောင့်ကြည့်နေပါ

လူကြီးတွေသဘောကျတတ်တဲ့ အစားအစာတွေ၊ မကြိုက်တဲ့အစားအစာတွေ၊ သူတိုနဲ့မတည့်တဲ့အရာတွေကို မှတ်ထားပါ။ သူတို့ အစာစားချင်စိတ်ပိုဖြစ်လာတတ်တဲ့အချိန်တွေ၊ ရက်တွေကိုလည်း မှတ်ထားသင့်ပါတယ်။

လူကြီးတွေရဲ့အစာစားချင်စိတ်တိုးလာအောင်လုပ်ရတာတော်တော်လေးပင်ပန်းပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ၊ဖြတ်ထိုးဉာဏ် သုံးပါ၊ စိတ်မလျှော့လိုက်ပါနဲ့။

ဘယ်လိုပဲကြိုးစားကြိုးစား၊ နောက်ဆုံးမှာ ထင်ထားသလို အစာစားချင်စိတ်တိုးမလာခဲ့ရင်တော့ ဆရာဝန်ပြပြီး အကြံဉာဏ်တောင်းခံတာအကောင်းဆုံးပါပဲ။ အစားစားချင်စိတ်နည်းနေတာ ဆက်ဖြစ်နေရင်appetite stimulant တွေသုံးပြီး စားချင်စိတ်ကိုနှိုးဆွပေးတာကမျိုးက အထောက်အကူဖြစ်စေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2022 ဖြစ်ပါသည်။