brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက်ကြီးလာရင် ကြူံကိုကြုံတွေ့ရမယ့် အရေပြားပြောင်းလဲချက် ( ၉ ) ချက် ။

အသက်ကြီးလာရင် ကြူံကိုကြုံတွေ့ရမယ့် အရေပြားပြောင်းလဲချက် ( ၉ ) ချက် ။

အသက်ကြီးလာရင် ကြူံကိုကြုံတွေ့ရမယ့် အရေပြားပြောင်းလဲချက် ( ၉ ) ချက် ။

အသက်ကြီးလာပြီဆိုတဲ့အကြောင်း မြင်သာအောင် ပြပေးမယ့် တစ်ခုတည်းသောအရာက အရေပြားပါ။ အသက်အရွယ်လေးရလာတာနဲ့ အရေပြားတွေခြောက်လာတာ၊ အသားအရေ တွေ တွန့်လာတာ တွေက အမြင်သာဆုံး ဇရာတွေပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားအရေခြောက်လာတာ အရေပြားတွန့်လာတာတွေအပြင် အသက်ကြီးလာကြောင်းပြနေမယ့် အရေပြားပေါ်က ပြောင်းလဲမှုတွေအကြောင်းပြောပြပေးချင်ပါတယ်။

( ၁ ) Actinic Keratosis

ဒါက နေရောင်ခြည်ထဲမှာ ရှိတဲ့ခရမ်းလွန်ရောင်ခြည် တွေနဲ့ ထိတွေ့ရာက အများဆုံးဖြစ်တဲ့ပြောင်းလဲမှုတစ်ခုပါ။ နေရောင်ဆိုတာ ငယ်ငယ်ထဲက ထိတွေ့နေရတာဆိုတော့ အသက်ကြီးလာတဲ့ အခါ ကိုယ့်အရေပြားနဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဘယ်လောက်တောင် ထိတွေ့ထားပြီပြီလဲဆိုတာ စဉ်းစားကြည့်။ သူ့ရဲ့လက္ခဏာတွေကတော့ အရေပြားက ခြောက်ခြောက်ထူထူ ကြမ်းကြမ်းကြီးဖြစ်နေတတ်ပြီး နီရဲနေတတ်ပါတယ်။ ကိုယ့်အရေပြားမှာ ဒီ Actinic Keratosis အကွက်တွေ တွေ့လို့ကတော့ ဆရာဝန်ဆီ မြန်မြန်သွားပြဖို့လိုပါတယ်။ Actinic Keratosis ကနေ အရေပြား ကင်ဆာ ပြောင်းသွားတတ်တာကြောင့်ပါ။

( ၂ )Seborrheic Keratosis

သက်လတ်ပိုင်းလောက်ရောက်လာတဲ့အခါ Seborrheic Keratosis လို့ခေါ်တဲ့ အညိုရောင် အကွက်လေးတွေ ကိုယ်ခန္ဓာအနှံ့အပြားမှာ ပေါ်လာတတ်ပါတယ်။ တစ်ခုထက်ပိုရှိနေတတ်ပြီး အန္တရာယ်မပေးတဲ့ အကွက်လေးတွေပါ။

( ၃ ) Age Spot

ဒါကတော့ အသက်ကြီးတဲ့လူတိုင်းမှာတွေ့ရတတ်တဲ့ အရေပြားပေါ်က မည်းမည်းအစက်လေးတွေပါ။ ကိုယ်ခန္ဓာတစ်ခုလုံးမှာ တွေ့ရတတ်ပြီး အသက် ၅၀ကျော်လာပြီဆိုတာနဲ့ သူတို့ စပေါ်လာတာပါပဲ။ အန္တရာယ်မပေးတတ်ပေမယ့် ကင်ဆာအကွက်နဲ့ ခွဲဖို့လိုသေးတာကြောင့် ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။ ဒီလို မည်းမည်းအကွက်တွေကြောင့် အလှပျက်မှာစိုးရင် လေဆာနဲ့ဖျောက်လို့တော့ ရပါတယ်။ ကြိုတင်ကာကွယ်ချင်ရင်တော့ ငယ်ငယ်လေးထဲကအပြင်သွားတိုင်း နေလောင်ကာလိမ်းဆေးလိမ်းတဲ့အကျင့် လုပ်ပေးခဲ့ဖို့တော့ လိုပါတယ်။

( ၄ ) Cherry angioma

ဒါလေးကလည်း လူတိုင်းနဲ့ စိမ်းမယ်လို့ မထင်ပါဘူး။ ရင်ဘတ် ဗိုက်နဲ့ ကျောကုန်းတို့မှာ အတွေ့များတဲ့ မှည့်နီ အကြီးစားလိုမျိုးတွေလေ။ ဒီအတိုင်းဆို မနာပေမယ့် ထိမိခိုက်မိ ကုတ်မိတဲ့အခါကျရင် သွေးထွက်လာပြီး နာတတ်ပါတယ်။ အန္တရာယ်တော့ မရှိပါဘူး။

( ၅ ) အသားပို

ဒါကတော့ ကြီးမှမဟုတ်ပါဘူး။ ငယ်တဲ့သူတွေမှာတောင် ရှိတတ်တဲ့ အသားပိုတွေပါ။ လည်ပင်းတစ်ဝိုက်၊ လက်မောင်း၊ ရင်ဘတ်နဲ့ ပေါင်တွေမှာ အတွေ့များပြီး သူ့ဘာသာသူဆိုရင်တော့ ဘာမှ ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် ဆွဲကြိးတို့၊ တချို့အင်္ကျီတို့နဲ့ ပွတ်တိုက်မိတဲ့အခါမှာတော့ ပွန်းသွားတာမျိုးရှိတတ်ပါတယ်။

(၆ ) Solar elastosis

ဒါက နေရောင်နဲ့ ကြာကြာထိတွေ့ရတဲ့သူတွေမှာ အတွေ့များတတ်တဲ့ အသားအရောင်အဝါရောင်ပြောင်းသွားပြီး အရေးအကြောင်းနက်နက်တွေ ပေါ်တဲ့ ပြောင်းလဲမှုပါ။ တချို့ ဆေးလိပ် သောက်တဲ့သူတွေမှာလည်း အတွေ့များပါတယ်။ နေရောင်က အရေပြားအပေါ်ပိုင်းလောက်ကိုပဲ ထိတာဖြစ်ပေမယ့် ဆေးလိပ်ကကျတော့ အရေပြားအတွင်းပိုင်းအထိထိကိုပါခိုက်စေပါတယ်။

( ၇ ) Varicose vein သွေးကြောထုံးခြင်း

နာတာရှည်သွေးပြန်ကြောရောဂါတွေထဲက တစ်ခုဖြစ်တဲ့ Varicose vein ခေါ် သွေးကြောထုံးနေတဲ့ပြဿနာဟာ အထိုင်များတဲ့သူတွေ၊ မတ်တပ်အကြာကြီးရပ်တဲ့သူတွေမှာ အသက်ကြီးလာတော့ သွေးပြန်ကြောက အဆို့ရှင်တွေ မလုံတော့လို့ သွေးကြောထုံးပြီး အရေပြားတွေ ဖောင်းလာတဲ့ ပြဿနာဖြစ်ပါတယ်။

( ၈ ) အသားခြောက်ခြင်း

အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေခမ်းခြောက်သွားလို့ နဂိုစိုပြေနေတဲ့ အသားအရေပျောက်ပြီး ခြောက်သွေ့တဲ့ အသားအရေဖြစ်လာပါတော့တယ်။ အရေပြားရဲ့တင်းရင်းမှုလည်း မရှိတော့လို့ ဆွဲကြည့်လိုက်ရင် ပြဲပြဲ ပျော့ပျော့ကြီး ဖြစ်နေပါလိမ့်မယ် ။

( ၉ ) အညိုအမည်းစွဲခြင်း။

အသက်ကြီးလာတဲ့အခါ အရေပြားပါးလာတာက တစ်ကြောင်း၊ အဆီတွေ ကုန်သွားတာက တစ်ကြောင်း နဲ့ အသားအရေထိခိုက်လွယ်လာပြီး အညိုအမည်းစွဲလွယ်တတ်ပါတယ်။

ဒါတွေကတော့ ကိုယ်အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာမယ့် အရေပြားပြောင်းလဲမှုတွေ အကြောင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဇရာကို အံတုလို့မရဘူးလေ။ ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။