backup og meta

သင်သိရမည့် အဖြစ်များသော သက်ကြီးအရေပြားရောဂါ ၅ မျိုး

လူတွေအသက်ကြီးလာလေလေ သူတို့ရဲ့ အရေပြားပြောင်းလဲမှုကြောင့် အဖြစ်များတဲ့ရောဂါတွေ ဖြစ်လာလေလေပဲဖြစ်ပါတယ်။ အချို့ အရေပြား အခြေအနေတွေကတော့ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ ပုံမှန်အခြေအနေတွေဖြစ်ပြီး အချို့ကတော့ အခံရှိတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ရောဂါတွေကတော့ အသက်ကြီးသူတွေမှာ အဖြစ်အများဆုံး အရေပြား ရောဂါ ငါးမျိုးဖြစ်ပါတယ်။

သင်သိရမည့် အဖြစ်များသော သက်ကြီးအရေပြားရောဂါ ၅ မျိုး

အသားခြောက်ခြင်း

အသားခြောက်ခြင်းဟာ ပြင်းထန်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို မကုသရင် သက်တောင့်သက်သာ မရှိခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူအများစုဟာ တံတောင်ဆစ်၊ လက်ဖျံနဲ့ ခြေထောက်တွေမှာ အသားခြောက်ခြင်း ဖြစ်တတ်ပါတယ်။ အသားတွေဟာ ကြမ်းတမ်းလာပြီး အရေခွံလန်ကာ ယားယံနိုင်ပါတယ်။ အသားခြောက်ခြင်းကို ဖြစ်စေတဲ့ အခြားအချက်တွေ အများကြီး ရှိသော်လည်း (ဥပမာ ရေဓါတ်ခန်းခြောက်ခြင်း၊ စိတ်ဖိစီးခြင်း) လူတွေဟာ အသက်ကြီးလာတာနဲ့ အမျှ အဆီရော ချွေးဂလင်းတွေပါ ပျောက်ဆုံးကုန်တာကြောင့် အသားခြောက်ခြင်း ပိုဆိုးလာတတ်ပါတယ်။

အသားခြောက်ခြင်းကို ကုသဖို့အတွက်

• ရေဓါတ်ထိန်းပေးတဲ့ ဆပ်ပြာ၊ (သို့) အသားခြောက်တဲ့သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေကို သုံးသင့်ပါတယ်။

• Eucerin ပါတဲ့ ဘော်ဒီလိုးရှင်းကို လိမ်းသင့်ပါတယ်။

အညိုအမဲစွဲခြင်း

အညိုအမဲစွဲခြင်းဟာ အရေပြား ရောဂါတစ်ခု မဟုတ်ပေမယ့် အသက်ကြီးသူတွေမှာ အလွန်အဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေဟာ ပေါက်ထွက်လွယ်တာကြောင့် တခါတရံ ထိခိုက်မှုမရှိပဲတောင် အညိုအမဲစွဲခြင်း ဖြစ်နိုင်ပါတယ်။

အညိုအမဲစွဲခြင်းကို ကုသဖို့အတွက်

• အညိုအမဲစွဲတဲ့နေရာမှာ ရေခဲကပ်ပေးနိုင်ပါတယ်။ ဒါဟာ ဒီနေရာကို သွေးသွားခြင်းကို လျှော့ချပေးပြီး အညိုအမဲစွဲခြင်းကို သက်သာစေကာ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပါတယ်။

• အညိုအမဲစွဲစေတဲ့ ဆေးတွေကို ရှောင်ရှားသင့်ပါတယ်။

ဖိအားကြောင့် ဖြစ်တဲ့ အနာများ

အချို့လူကြီးတွေဟာ အိပ်ရာထဲမှာ အချိန်အကြာကြီးနေရနိုင်ပါတယ်။ ခွဲစိတ်မှုက ပြန်ကောင်းလာဖို့ဖြစ်စေ၊ မလှုပ်ရှားနိုင်တဲ့ ရောဂါတစ်ခုခုရှိလို့ ဖြစ်စေ ဖြစ်လာတဲ့အနာတွေရှိပါတယ်။ ဒီလို အနာတွေကို ရှောင်ကျဉ်ဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

• နာရီအနည်းငယ် တစ်ခါ လူနာကို ပုံစံပြောင်းပေးသင့်ပါတယ်။

• သွေး သွားနှုန်းမြင့်စေဖို့ ကိုယ်ခန္ဓါကို နှိပ်နယ်သင့်ပါတယ်။

• မွေ့ရာဟာ အလွန်မမာသင့်ပါဘူး။

• ပြင်းထန်တဲ့ နီရဲမှုတွေဖြစ်လာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ဒါဟာ အနာဖြစ်တော့မယ့် လက္ခဏာ ဖြစ်ပါတယ်။

ရေယုန်

ရေယုန်တွေဟာ အာရုံကြောတွေကို ထိခိုက်ပြီး နာကျင်မှုနဲ့ အရည်ကြည်ဖုတွေကို ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သူ့ကို ရေကျောက်ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကပဲ ဖြစ်စေတာ ဖြစ်ပါတယ်။ ရေယုန်တွေဟာ နေရာအနှံ့မှာ ဖြစ်နိုင်ပြီး နှစ်ပတ်ကနေ လေးပတ်အထိ ကြာမြင့်နိုင်ပါတယ်။ အသက်ကြီးလာလေလေဒီရောဂါ ရနိုင်လေလေပဲ ဖြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်းပဲ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ပူလောင်ခြင်း၊ ထုံကျင်ခြင်း၊နာကျင်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း တွေပဲဖြစ်ပါတယ်။

အရေပြားကင်ဆာ

သင့်အရေပြားကို နေရောင်ခြည် rays တွေက ကာကွယ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ တကယ်တမ်းတော့ အသက်ကြီးသူတွေဟာ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုကို ပိုခံရနိုင်ပြီး ၁၅ မိနစ်လောက် နေရောင်ခံလိုက်တာနဲ့ ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ အရေပြားကင်ဆာ သုံးမျိုးရှိပါတယ်။

• Melanoma (မဲလ်လနိုးမား)

• Basal cell skin cancer (ဘေဆယ်ဆဲလ်အရေပြားကင်ဆာ)

• Squamous cell skin cancer (ဆကွေးမတ်စ်ဆဲလ်အရေပြားကင်ဆာ)

အရေပြားရောဂါကို သိရှိဖို့ မှဲ့တွေကို တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ သတိပေးလက္ခဏာတွေပဲဖြစ်ပါတယ်။

• မှဲ့တစ်ခုရဲ့ ပုံစံ၊ အရွယ်အစားနဲ့ အရောင်ပြောင်းလဲခြင်း

• ဘေးအစွန်းနေရာမှာ ပုံသဏ္ဍန်မမှန်ခြင်း

• မှဲ့တစ်ခုတည်းမှာ အရောင်တစ်ခုထက်ပိုပြီး ရှိခြင်း

• ဘက်မညီသော မှဲ့များ

• ယားသော၊ အရည်ထွက်သော၊ သွေးထွက်သောမှဲ့များ

နေလောင်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားတွေဖြစ်တဲ့ ဦးထုတ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည် အစရှိတာတွေကို အသုံးပြုဖို့မမေ့သင့်ပဲ ဒီအရာတွေက သင့်ကို အရေပြားကင်ဆာရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Seniors and skin health http://www.parentgiving.com/elder-care/seniors-and-skin-health/ Accessed 5 November, 2016.

Skin conditions in the elderly http://www.webmd.com/skin-problems-and-treatments/elderly-skin-conditions#1 Accessed 5 November, 2016.

Common skin disorders in the elderly http://www.tandfonline.com/doi/pdf/10.1080/20786204.2006.10873392 Accessed 5 November, 2016.

ယခုပုံစံ

02/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ