brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

ဒီလိုရာသီဥတုပူနေတဲ့အချိန်မှာ ကျန်းမာရေးဒေါင်ဒေါင်မြည်နေတဲ့ လူငယ်တွေတောင် မခံနိုင်တာ၊ အသက်ကြီးတဲ့ အိမ်ကအဖေအမေနဲ့ အဖိုးအဖွားတွေဆို ပိုပြီးနွမ်းနယ်ရပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက်အရွယ်တွေဆို ပိုပြီးထိခိုက်လွယ်ပါတယ်။

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

လူကြီးတွေဟာ အပူချိန်ရုတ်တရက်ပြောင်းလဲမှုတွေမှာ လူငယ်တွေလို လိုက်မထိန်းညှိနိုင်ဘူး။ သူတို့မှာ အပူဒဏ်အပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲစေနိုင်တဲ့ ရောဂါအခံတွေ၊ နာတာရှည်ကျန်းမာရေးပြဿနာအခံတွေရှိနေတတ်တယ်လေ။ ဒါ့အပြင် သူတို့က ခန္ဓါကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းကို ပျက်ယွင်းစေနိုင် ဒါမှမဟုတ်ချွေးမထွက်စေနိုင်တဲ့ဘေးထွက်ဆိုးကျိုးရှိတဲ့ဆေးတွေသောက်နေရတာများပါတယ်။

ခန္ဓါကိုယ်က အလိုအလျောက်အေးမြစေပြီး အပူချိန်ထိန်းညှိမပေးနိုင်တဲ့အခါ အပူဒဏ်ဖိစီးမှုခံစားရတတ်ပါတယ်။ ပြင်ပအပူချိန်မြင့်တက်လာတဲ့အခါ လူ့ခန္ဓါကိုယ်ကချွေးတွေထွက်ပြီး အလိုအလျောက်အေးမြစေတာဖြစ်ပါတယ်။ ဒါပေမယ့်ချွေးလည်းပုံမှန်မထွက်ဘူး၊ ခန္ဓါကိုယ်အပူချိန်မြင့်နေတယ်ဆိုhyperthermia လို့ခေါ်တဲ့အခြေအနေကိုဖြစ်စေပါတယ်။

လူကြီးမိဘတွေမှာ အပူချိန်ပြင်းတဲ့ရာသီဥတုကြောင့် ဘယ်လိုနေရမှန်းမသိ၊ ဘာဖြစ်မှန်းမသိ၊နေရခက်တာ၊ ပူအိုက်တာ၊ စားမကောင်းတာတွေ လုံးချာလည်ရိုက်နေမှာပါ။ ဒါကိုဘေးကမိသားစုက သို့မဟုတ် စောင့်ရှောက်တဲ့သူက သတိထားမိပြီး ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

ဒီလက္ခဏာတွေ တွေ့ရတတ်တယ်

သေချာသတိထားကြည့်ပါနော်။ ကိုယ့်ရဲ့လူကြီးမိဘတွေမှာ ဒီလက္ခဏာတွေတွေ့ရတယ်ဆို ဂရုစိုက်ပါ။

  • ချွေးအရမ်းထွက်တာ
  • ဖြူဖတ်ဖြူရော်ဖြစ်နေတာ
  • ကြွက်တက်တာ
  • ပင်ပန်းနွမ်းနယ်တာ
  • အားနည်းနေတာ
  • ခေါင်းကိုက်တာ
  • မအီမသာဖြစ်တာ၊ ပျို့အန်တာ
  • မူးမေ့တာ
  • အသားတွေအေးစက်နေတာ
  • ခေါင်းမူးတာ
  • သွေးခုန်နှုန်းမြန်ပြီး အားပျော့တာ
  • အသက်ရှူမြန်ပြီး တိမ်တာ စတဲ့လက္ခဏာတွေ အဖြစ်များပါတယ်။

ဘယ်လို ကာကွယ်ပေးမလဲ

ကိုယ့်အနီးအနားက အသက်ကြီးတဲ့သူတွေကို အပူဒဏ်ဖိစီးမှုကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ။

  • သူတို့မှာ အပေါ်ကလက္ခဏာတွေဖြစ်နေသလား သတိတရ ဂရုစိုက်ကြည့်ပေးပါ။ အမှုမဲ့အမှတ်မဲ့မထားပါနဲ့။
  • ရေဓါတ်ပြည့်အောင်သောက်ဖို့ သတိပေးပါ။ အချိုရည်ဖြစ်ဖြစ်သောက်လို့ရပေမယ့်ရေကိုပိုသောက်ပါ။
  • နေထိုင်စားသောက်ပုံနဲ့ပတ်သက်တဲ့ ဆရာဝန်ညွှန်ကြားချက်ရှိထားရင် လိုက်နာဖြစ်အောင် ဂရုစိုက်ပါ။
  • အရိပ်ရပြီးအေးတဲ့နေရာမှာနေစေပါ။လေအေးပေးစက်၊ ပန်ကာမရှိရင်တောင်နေအပူရှိန် တိုက်ရိုက်မခံရတဲ့နေရာမှာနေခိုင်းပါ။
  • လေဝင်လေထွက်ကောင်းအောင် ထားပါ။ နေမပူအောင် ကာရင်း လှောင်ပိတ်မနေပါစေနဲ့။
  • ဆရာဝန်ဆေးညွှန်းနဲ့သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်လည်း အပူချိန်ထိန်းညှိမှု အဆင်မပြေဖြစ်တတ်ပါတယ်။ ပိုဂရုစိုက်ပေးပါ။
  • ဆီးဆေးတွေကြောင့်ကျောက်ကပ်မှာ သက်ရောက်မှုရှိစေပြီး အရည်ဆုံးရှုံးမှုကို ပိုများစေပါတယ်။ ဒါ့ကြောင့် ပူပြင်းတဲ့ရာသီမှာရေဓါတ်ဆုံးရှုံးမှုပိုဖြစ်လွယ်စေပါတယ်။

အရေးပေါ်ပြုစုနည်း

လူကြီးမိဘတွေမှာ အပူဒဏ်ဖိစီးတဲ့၊ အပူရှပ်တဲ့လက္ခဏာတွေဖြစ်လာတာတွေ့ရရင်

  • သူတို့ကိုအရင်ဆုံး အရိပ်ရတဲ့၊အေးတဲ့နေရာမှာထားပါ။
  • ရေပတ်တိုက်ပါ။ တနည်းနည်းနဲ့ အပူလျော့ပြီး အေးအောင်လုပ်ပေးရပါမယ်။
  • ရေတိုက်ပါ။ အချိုရည်တိုက်ပါ။
  • နီးစပ်ရာ ဆေးရုံ ဆေးခန်းအမြန်ဆုံးပို့ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။